'တောင်းဆိုချက်အားလုံး' ကို ပါကစ္စတန်အစိုးရက လက်ခံခဲ့ပြီးနောက် ဂွာဒါမြို့ဆန္ဒပြပွဲ အဆုံးသတ်

By Zee5
24 December 2021
'တောင်းဆိုချက်အားလုံး' ကို ပါကစ္စတန်အစိုးရက လက်ခံခဲ့ပြီးနောက် ဂွာဒါမြို့ဆန္ဒပြပွဲ အဆုံးသတ်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဆိပ်ကမ်းမြို့ ဂွာဒါတွင် လနှင့်ချီကြာသည့် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ဒေသခံဆန္ဒပြသူများသည် အစိုးရနှင့်အကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက်တွင် ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းတို့၏ ဆန္ဒပြမှုကို ဖျက်သိမ်းအဆုံးသတ်လိုက်ကြောင်း သိရသည်။

ယင်းမတိုင်မီ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဂွာဒါမြို့ခံ ပြည်သူထောင်နှင့်ချီတို့သည် ဆိပ်ကမ်းမြို့၌ "Gwadar ko haq do" (ဂွာဒါရဲ့ အခွင့်အရေးကို ပေးပါ) ဆိုသည့် လှုပ်ရှားမှုကို ထောက်ခံလျက်ဖြင့် အခြေခံအခွင့်အရေးများအတွက် တောင်းဆိုဆန္ဒပြနေခဲ့ကြခြင်း ဖြစ်သည်။

ဒေသခံ ထောင်ချီတို့၏ တောင်းဆိုချက်များထဲတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ "ဆွဲပိုက်ချငါးဖမ်းသင်္ဘော လျှို့ဝှက်ဂိုဏ်း" ကို အဆုံးသတ်ရေးတို့ ပါဝင်ခဲ့သည်။ ထို့ပြင် ပွတ်ရှ်ကန်၊ ဆာဘန်ဒန် နှင့် ဂွာဒါမြို့တို့ရှိ ထပ်တိုး စစ်ဆေးရေးဂိတ်များ ဖယ်ရှားရေး၊ ပါကစ္စတန်-အီရန် နယ်စပ် ဖွင့်လှစ်ရေး စသည့် တောင်းဆိုချက်များလည်း ပါဝင်ခဲ့သည်။

ဂွာဒါဆိပ်ကမ်းမြို့ရှိ ဆန္ဒပြမှုများက နိုင်ငံတွင် အခြေခံအခွင့်အရေးများအတွက် တိုက်ပွဲဝင်ခြင်းအတွက် "အရေးပါသော အပြောင်းအလဲဖြစ်ရပ်" တစ်ခု ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ရှိ ပါကစ္စတန် အတိုက်အခံခေါင်းဆောင် ရှီဘက်ဇ် ရှာရစ်က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။

ထို့ပြင် ထိုဆန္ဒပြမှုများက ပါကစ္စတန်ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးထားသည့် အခြေခံအခွင့်အရေးများအတွက် တိုက်ပွဲဝင်ရာတွင်လည်း "အရေးပါသော အပြောင်းအလဲဖြစ်ရပ်" တစ်ခု ဖြစ်ကြောင်း ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ် (အင်န်) ၏ ဥက္ကဋ္ဌက ပြောသည်။

"ဂွာဒါမှာ ဖြစ်နေခဲ့တဲ့ ဆန္ဒပြပွဲတွေက ကျွန်တော်တို့နိုင်ငံမှာ အခန်းကဏ္ဍသစ်ကို ကိုယ်စားပြုပါတယ်၊ ပြည်သူတွေ ကိုယ်တိုင် ဦးဆောင်တဲ့ ဒီဆန္ဒပြမှုက ပါကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးထားတဲ့ အခြေခံအခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ရာမှာ "အရေးပါတဲ့ အပြောင်းအလဲဖြစ်ရပ်" တစ်ခုလည်း ဖြစ်ပါတယ်၊ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး သူတို့ရဲ့ ပြဿနာတွေကို ချက်ချင်း ဖြေရှင်းပေးဖို့ ကျွန်တော့်အနေနဲ့ အစိုးရကို တောင်းဆိုတယ်" ဟု ရှီဘက်ဇ် ရှာရစ်က တွစ်တာတွင် ရေးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းက ၎င်းတို့အစိုးရအနေဖြင့် နိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်တွင် တရားမဝင် ငါးဖမ်းမှုအပေါ် အရေးယူသွားမည်ဟု ကတိပြုပြောဆိုခဲ့သည်။

"ကျွန်တော့်အနေနဲ့ ဂွာဒါရဲ့ အလုပ်ကြိုးစားတဲ့ ငါးဖမ်းသမားတွေရဲ့ တကယ့်ကို သဘာဝကျတဲ့ တောင်းဆိုချက်တွေကို သတိပြုအလေးထားပါတယ်၊ ဆွဲပိုက်ချသင်္ဘောတွေနဲ့ တရားမဝင် ငါးဖမ်းမှုတွေကို အခိုင်အမာ အရေးယူမှာဖြစ်သလို ဘာလိုချီစတန်ပြည်နယ်ဝန်ကြီးချုပ်နဲ့လည်း စကားပြောသွားပါမယ်" ဟု အီမရန် ခန်းက တွစ်တာတွင် ရေးခဲ့သည်။

ဂွာဒါ ဒေသခံများ၏ အရွယ်အစားကြီး ဆန္ဒပြမှုများကြောင့် ပါကစ္စတန်အာဏာပိုင်တို့အနေဖြင့် ဂွာဒါ၌ တရားဥပဒေထိန်းသိမ်းရေးနှင့် အဓိကရုဏ်း နှိမ်နင်းရေး တာဝန်များ ထမ်းဆောင်ရန် အခြားဒေသများမှ

ရဲဝန်ထမ်း ထောင်ချီ စေလွှတ်ရန် ညွှန်ကြားခဲ့ရသည်အထိ ဖြစ်ခဲ့ပြီးနောက် အထက်ပါ အာမခံချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly