ပါကစ္စတန်၌ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှုနှင့် ရင်ဆိုင်ရခြင်းမှာ အစိုးရ၏ ညံ့ဖျင်းမှုကြောင့်ဖြစ်ဟု ပြည်သူထက်ဝက်ကျော် ယုံကြည်ဟု စစ်တမ်းတွင် ဖော်ပြ

By Indiablooms
24 December 2021
ပါကစ္စတန်၌ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှုနှင့် ရင်ဆိုင်ရခြင်းမှာ အစိုးရ၏ ညံ့ဖျင်းမှုကြောင့်ဖြစ်ဟု ပြည်သူထက်ဝက်ကျော် ယုံကြည်ဟု စစ်တမ်းတွင် ဖော်ပြ

ပါကစ္စတန်၌ ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရ၏ ညံ့ဖျင်းမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းနှင့် အလုပ်လက်မဲ့မှုနှုန်း မြင့်မားမှု ပြဿနာများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ပြည်သူ ၅၀ ရာခိုင်နှုန်းကျော်က ယုံကြည်ကြသည်ဟု ဂျာမနီအခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့၏ ပါကစ္စတန်ဆိုင်ရာ အဖွဲ့ဖြစ်သည့် ပါကစ္စတန်နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့က ကောက်ယူခဲ့သော စစ်တမ်းတစ်ရပ်က ပြသနေသည်။

ယင်းစစ်တမ်းအရ နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်း၏ နောက်ကွယ်တွင် အစိုးရ ညံ့ဖျင်းမှုဆိုသည့် အချက် ရှိနေသည်ဟု ပါကစ္စတန်ပြည်သူ ၅၀ ဒသမ ၆ ရာခိုင်နှုန်းက ထင်မြင်ကြပြီး နိုင်ငံသား ၂၃ ဒသမ ၃ ရာခိုင်နှုန်းကမူ အကျင့်ပျက်ခြစားမှုက ၎င်းတို့ စီးပွားရေး ဒုက္ခသုက္ခများကြုံရခြင်းအတွက် အဓိကအကြောင်းရင်းဖြစ်သည်ဟု ရှုမြင်ကြသည်ဟု Dawn News က ဖော်ပြသည်။

တချိန်တည်းမှာပင် မူဝါဒများကို အကောင်အထည်ဖော်မှု မရှိခြင်းက တောင်အာရှနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှုအတွက် အဓိကအကြောင်းရင်းဖြစ်သည်ဟု ပြည်သူ ၁၆ ဒသမ ၆ ရာခိုင်နှုန်းက ထင်မြင်ကြကြောင်း ယင်းစစ်တမ်းက ပြောသည်။

စစ်တမ်းအရ လက်ရှိအစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ လုပ်ဆောင်မှုက အပြည့်အဝမဟုတ်ဘဲ တစိတ်တဒေသမျှသာ ဖြစ်နေသည်ဟု ပါကစ္စတန်ပြည်သူ အများစု (၆၆ ဒသမ ၈ ရာခိုင်နှုန်း) က ထင်မြင်သည်ဟုလည်း သိရသည်။

ထို စစ်တမ်းကို ယခုနှစ် အောက်တိုဘာ ၁၄ ရက်မှ ၂၇ ရက်အကြား ပြည်နယ်လေးခုတွင် ကောက်ယူလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၁,၆၀၀ ရှိခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly