ပစိဖိတ်ကျွန်းစုတွင် အင်တာနက်အသုံးပြုမှု တိုးတက်စေရန် သြစတြေးလျက အမေရိကန်၊ ဂျပန်တို့နှင့် ပူးပေါင်း

ပစိဖိတ်ကျွန်းစုတွင် အင်တာနက်အသုံးပြုမှု တိုးတက်စေရန် သြစတြေးလျက အမေရိကန်၊ ဂျပန်တို့နှင့် ပူးပေါင်း

ပစိဖိတ်ဒေသတွင် တရုတ်ကို တန်ပြန်တားဆီးရန် ပစိဖိတ်ကျွန်းစု ၃နိုင်ငံတွင် အင်တာနက်အသုံးပြုမှု တိုးတက်အောင်ကူညီရန် သြစတြေးလျသည် အမေရိကန်၊ ဂျပန်တို့နှင့် ပူးပေါင်းထားသည်။

အဆိုပါ မိတ်ဖက်ဖွဲ့မှုက ကီရီဘာတီ၊ နော်ရူးနှင့် မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စုတို့တွင် ပိုမိုမြန်ဆန်သော အင်တာနက်ဆက်သွယ်မှုများရရှိရေးအတွက် ရေအောက်ကေဘယ်ကြိုးအသစ်တစ်ခုတည်ဆောက်လိမ့်မည်ဟု Sydney Morning News သတင်းစာက ဖော်ပြခဲ့သည်။

ပစိဖိတ်ဒေသတွင် အရေးကြီးသောအခြေခံအဆောက်အအုံများ တည်ဆောက်ရန် သြစတြေးလျ၏ ကြိုးပမ်းမှု များ တိုးပွားလာနေသည်ဟု သတင်းစာက ဖော်ပြခဲ့ပြီး တရုတ်ချေးငွေဒဏ်မပိစေဘဲ ဒေသတွင်းနိုင်ငံများ၏ အရေးကြီးသော ဝန်ဆောင်မှုကို ထောက်ပံ့ပေးရန် သြစတြေးလျနှင့် စိတ်တူသဘောတူနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားလာလိမ့်မည်ဖြစ်သည်။

အစောပိုင်းက အခြားဝန်ကြီးများနှင့် ထုတ်ပြန်ချက်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီးပေးက မိုက်ခရီနီးရှင်းနိုင်ငံ ၃ နိုင်ငံ၏ လူပေါင်း ၁သိန်းကို ပိုကောင်းသည့် အင်တာနက်ထောက်ပံ့ပေးခြင်းဖြင့် စီးပွားရေးတိုးတက်မှု၊ ပိုမိုကောင်းမွန်သည့်အခွင့်အရေးများရရှိရေးနှင့် လူအနေမှုအဆင့်အတန်းကို မြင့်မားစေမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

"ဒါကအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုထက်ပိုပါတယ်။ဒေသတွင်းမှာ မကြုံစဖူးစီးပွားရေးနဲ့ မဟာဗျူဟာ စိန်ခေါ်မှုတွေ တွေ့ကြုံရချိန်မှာ လက်တွေ့ကျပြီး အဓိပ္ပါယ်ရှိတဲ့ ဖြေရှင်းနည်းတွေ ထောက်ပံ့ခြင်းအားဖြင့် ခိုင်မာတဲ့ မိတ်ဖက်ဖြစ်မှုကို ကိုယ်စားပြုပါတယ်” ဟု ထုတ်ပြန်ချက်ကို ကိုးကားပြီး The Sydney Morning Herald က ဖော်ပြခဲ့သည်။

အမေရိကန်က တရုတ်ကုမ္ပဏီတစ်ခုပါဝင်ခြင်းက လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည်ဟု သတိပေးခဲ့ပြီးနောက် တရုတ်ထောက်ပံ့ပေးထားသော ရေအောက် ဆက်သွယ်ရေးကေဘယ်လ်တင်ဒါအား ဇူလိုင်လက ရပ်ဆိုင်းခဲ့ကာ ယခုမိတ်ဖက် ဖွဲ့မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း တရုတ်က မိုဘိုင်းဖုန်းကွန်ရက်များအပါအဝင် စီမံကိန်းအမျိုးမျိုးအတွက် ဒေါ်လာသန်းပေါင်းများစွာ ချေးငှားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ မူလရင်းမြစ်နှင့် ပတ်သက်သည့်လွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် သြစတြေးလျ၏ တောင်းဆိုမှုနှင့် ပတ်သက်ပြီး တရုတ်ခေါင်းဆောင်များက အလွန်ဒေါသထွက်ပြီးနောက် ၂၀၂၀ပြည့်နှစ်တွင် တရုတ်-သြစတြေးလျဆက်ဆံရေးမှာ ဆိုးရွားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly