ရေဦးမြို့နယ် ညောင်ပင်သာရွာအနီး၌ စစ်ကောင်စီခြေလျင်တပ် မိုင်းဆွဲခံရ၊ အကျအဆုံးရှိဟု ဒေသကာကွယ်ရေးအဖွဲ့ပြော

ရေဦးမြို့နယ် ညောင်ပင်သာရွာအနီး၌ စစ်ကောင်စီခြေလျင်တပ် မိုင်းဆွဲခံရ၊ အကျအဆုံးရှိဟု ဒေသကာကွယ်ရေးအဖွဲ့ပြော
ဓာတ်ပုံ - ပုံဟောင်း

ဒီဇင်ဘာလ ၂၂ ရက်

စစ်ကောင်စီ အင်အား ၈၀ ကျော်ပါ ခြေလျင်တပ်ကို စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ အနောက်ဘက် သုံးမိုင်အကွာရှိ ညောင်ပင်သာရွာ အနီး၌ ပဒေသာမိုင်း လေးလုံးဖောက်ခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဝေဟင်စွန်ရဲ အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ခြေလျင်တပ်သည် ရေဦးမြို့နယ် မိုးဒေါင်သရက္ကန် ကျေးရွာမှ ထွက်လာသည့် စစ်ကြောင်း ဖြစ်ပြီး ညောင်ပင်သာရွာ အနီးအရောက် ယနေ့ ဒီဇင်ဘာလ ၂၂ ရက်  နံနက် ၉ နာရီတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကာ ငါးဦးထက်မနည်း သေဆုံးသည်ဟု ဆိုသည်။

"ဒီနေ့မနက် သူတို့က လမ်းဟောင်းက တက်လာတာဗျ။ သူတို့ ထွက်လမ်းကနေ စောင့်ပြီး ဖောက်ခွဲတာ။ အရာရှိတစ်ဦး ဒဏ်ရာပြင်းထန်ပြီး ရဟတ်ယာဉ်နဲ့ လာသယ်နေတယ်လို့ သိရတယ်ဗျ။ အကျအရှုံးကတော့ ငါးယောက်ထက် မနည်းဘူးဗျ " ဟု ဝေဟင်စွန်ရဲ အဖွဲ့ တာဝန်ရှိသူက  မဇ္ဈိမကို ပြောသည်။

ယခု တိုက်ခိုက်ခံရသည့် စစ်သားများသည် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ရေဦးမြို့နယ် အတွင်းသို့ လာရောက် ချသွားခဲ့သည့် စစ်သားများ ဖြစ်သည်။ 

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်များသည် ညောင်ပင်သာရွာအတွင်း ဝင်ရောက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင်မူ  ထန်းတောရွာ စာသင်ကျောင်းသို့ ရောက်ရှိ တပ်စွဲ ထားကြောင်း ဒေသခံများထံက သိရသည်။

စစ်တပ်က ရေဦးမြို့နယ်အတွင်း စစ်ကြောင်းလေးကြောင်း ထိုးနေပြီး ယင်းစစ်ကြောင်းများ ဖြတ်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာ ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေကြရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required