စစ်တပ်ဖမ်းဆီးသွားသည့် မန္တလေးမှ ကျောက်ကုန်သည်များ ကျောက်မျက်ဥပဒေဖြင့် အမှုဖွင့်ခံရ

စစ်တပ်ဖမ်းဆီးသွားသည့် မန္တလေးမှ ကျောက်ကုန်သည်များ ကျောက်မျက်ဥပဒေဖြင့် အမှုဖွင့်ခံရ

ဒီဇင်ဘာ ၂၂

စစ်တပ်ဖမ်းဆီးခြင်း ခံခဲ့ရသည့် မန္တလေးမြို့မှ ကျောက်ကုန်သည်များ ကျောက်မျက်ဥပဒေဖြင့် အမှုဖွင့် ခံထားရကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

မန္တလေးမြို့ ကျောက်ဝိုင်းနှင့် ကျောက်ဝိုင်းအနီး၌ ကျောက်အရောင်းအဝယ် လုပ်နေကြသူများကို စစ်တပ်က ဒီဇင်ဘာလ ၂၀ ရက်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ဦးရေ ၃၀၀ ကျော်ထိ ရှိခဲ့ပြီး ၎င်းတို့ကို ကျောက်မျက်ဥပဒေဖြင့် အမှုဖွင့်ခြင်း ဖြစ်သည်။

“ပိုက်ဆံ ပေးရမယ်ဆိုလို့ ကျွန်တော်တို့လည်း လိုက်တယ်။ ဖမ်းထားတာက နှစ်ရက် ရှိနေပြီ။ ဒီနေ့တော့ ထောင်ဝင်စာသွားရင်း သိလာတာ အမှု ဖွင့်လိုက်ပြီတဲ့။ ကျောက်မျက်ဥပဒေ ဆိုလားပဲ” ဟု ဖမ်းဆီးခံရသည့် ကျောက်ကုန်သည် တစ်ဦး၏ ညီဖြစ်သူက ပြောသည်။

ကျောက်ကုန်သည်များ အမှုဖွင့်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ရှေ့နေ အသိုက်အဝန်းကလည်း အတည်ပြု ပြောဆိုသည်။

“ကြားတာပေါ့နော်။ ပုဒ်မ ၅၁ (ခ)၊ နောက်ပြီးတော့ ပုဒ်မ ၅၄ ဒီနှစ်ခုနဲ့ အမှု ဖွင့်တယ်ပေါ့။ ကျောက်မျက် ဥပဒေမှာက ပုဒ်မ (၂၆) အရ ပြစ်မှု တစ်ခုခုကိုကျူး လွန်ရင် ပုဒ်မ ၅၁ အရ အရေးယူတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ သိထားပါသေးတယ်။ သူတို့ (စစ်ကောင်စီ) ဘက်က ကျောက်သမားတွေဆီ အကြောင်းကြားမယ် ထင်ပါတယ်” ဟု တရားလွှတ်တော် ရှေ့နေ တစ်ဦးက ပြောသည်။

ပုဒ်မ ၅၁(ခ)၊ ပုဒ်မ ၅၄ တို့ဖြင့် အမှုဖွင့် ခံထားရပြီး ပြစ်ဒဏ်စီရင်ခံရပါက အနည်းဆုံး ထောင်ဒဏ် တစ်နှစ် နှင့် အများဆုံး ထောင်ဒဏ် သုံးနှစ်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်ဟု ဆိုသည်။

ထို့အပြင် သက်သေခံ ပစ္စည်းများလည်း သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရား ၊ တိရစ္ဆာန်နှင့် အခြားစက်ပစ္စည်း ကိရိယာများလည်း သိမ်းဆည်းခံရနိုင်ကြောင်း ကျောက်မျက်ဥပဒေတွင် ဖော်ပြထားသည်။

စစ်တပ်က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖမ်းဆီးသွားသော ကျောက်အရောင်းအဝယ်လုပ်သူများထဲတွင် အမျိုးသား ၂၈၇ ဦးနှင့် အမျိုးသမီး ၅၈ ဦး ပါဝင်ကြောင်း ကနဦး သတင်းများထွက်ပေါ်ခဲ့သည်။

နောက်ဆက်တွဲ ထွက်ပေါ် လာသည့် သတင်းများတွင်မူ ဖမ်းဆီးခံရသူ ဦးရေ ၄၀၀ ကျော် ရှိကြောင်း၊ ဆိုင်ကယ်အစီးရေ ၁၀၀ ကျော်နှင့် ကား ၁၅ စီးခန့်လည်း သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။ သို့သော် အဆိုပါ ဖမ်းဆီးခံအရေအတွက် စာရင်း အတိအကျကိုမူ မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုံစာ - ထောင်ဝင်စာတွေ့ဖို့တန်းစီနေကြသူများကို ဒီဇင်ဘာ ၂၂ရက်က တွေ့ရစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly