အပြန်အလှန် ဆက်ဆံရေး တိုးမြှင်မှု ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား လက်မှတ်ထိုး 

အပြန်အလှန် ဆက်ဆံရေး တိုးမြှင်မှု ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား လက်မှတ်ထိုး 

ဒီဇင်ဘာ ၂၂

ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ အပြန်အလှန် ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ပိုမို မြှင့်တင်ဖို့အတွက် အင်္ဂါနေ့မှာ သဘောတူညီချက် ခုနစ်ရပ်ကို လက်မှတ်ရေးထိုးကြကြောင်း ကမ္ဘောဒီးယား အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အလည်အပတ်ရောက်ရှိတဲ့ ဗီယက်နမ်သမ္မတ ငုယင် စွမ်းဖုတို့ဟာ ဖနွမ်းပင်က ငြိမ်းချမ်းရေးနန်းတော်မှာ တွေ့ဆုံအပြီး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်လို့ ချီးကျူးပြောဆိုကြပါတယ်။ 

အာဆီယံ အဖွဲ့ဝင် နှစ်နိုင်ငံကြား လုံခြုံရေး၊ အမျိုးသား ကာကွယ်ရေး၊ တရားရေးရာ၊ နယ်စပ်ပိုင်းခြားသတ်မှတ်ခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ နယ်ပယ်တွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကို ဦးတည်တဲ့ သဘောတူညီချက်တွေ ဖြစ်တယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ လက်ထောက်အကူ ဆိုဖယ်လ်လက်ရှ်က ပြောပါတယ်။ 

လက်မှတ်ရေးထိုးပွဲ မတိုင်ခင်မှာ ခေါင်းဆောင်နှစ်ဦးက တွေ့ဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိရေးအတွက် နယ်ပယ်အသီးသီးမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရေးကို တိုးလို့ မြှင့်တင်ဖို့ ကတိကဝတ်ပြုကြတယ်လို့ သူက ဆိုပါတယ်။ 

“စီးပွားရေး၊ ကုန်သွယ်ရေးဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနဲ့ ခေါင်းဆောင်နှစ်ဦးဟာ စိတ်သဘောထား မျှခဲ့ကြတယ်၊ ရင်းနှီးမြုပ်နှံမှု ကာကွယ်ရေး သဘောတူညီချက်နဲ့ နှစ်ဆခွန် ရှောင်လွှဲရေး သဘောတူညီချက်တွေ ရှေ့ဆက်ဖော်ဆောင်သွားဖို့ကိုလည်း သဘောတူခဲ့ကြတယ်”လို့ ဆိုဖယ်လ်လက်ရှ်က သတင်းထောက်တွေကို ပြောပါတယ်။ 

“သူတို့နှစ်ဦးဟာ အမျိုးသား ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ တရားရေးရာတွေမှာလည်း ထပ်တိုး ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရေးကို သဘောတူကြတယ်”လို့ သူက ဆိုပါတယ်။ 

ကမ္ဘောဒီးယား ဘုရင်ရဲ့ ဖိတ်ကြားမှုနဲ့ ဗီယက်နမ်သမ္မတဟာ ကမ္ဘောဒီးယားနိုင်ငံဆီ နှစ်ရက်တာ ခရီးစဉ်အဖြစ် အင်္ဂါနေ့မှာ စတင်ရောက်ရှိတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly