မလေးရှားမှာ ရေကြီးမှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး လူ ၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာကြရ

မလေးရှားမှာ ရေကြီးမှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး လူ ၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာကြရ

ဒီဇင်ဘာ ၂၁

မလေးရှားနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၁၄ ဦး ရှိပြီး လူပေါင်း ၇၀,၀၀၀ ကျော်လောက် အိုးအိမ်တွေ စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။

ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပြီးနောက် နေအိမ်တွေမှာ ပိတ်မိပြီး အကူအညီလိုအပ်နေသူတွေဆီကို ဒီဇင်ဘာ ၂၁ ရက်မှာ မလေးရှားစစ်တပ်က လှေတွေနဲ့ သွားရောက်ပြီး အစားအသောက်တွေ လိုက်လံဖြန့်ဝေပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မိုးရက်ဆက် သည်းကြီးမည်းကြီး ရွာခဲ့ပြီးနောက် ယင်းနိုင်ငံတဝန်းမှာ နှစ်အတော်ကြာအတွင်း အဆိုးဆုံးသော ရေကြီးမှုတွေကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ ရေကြီးမှုကြောင့် မြို့တွေ၊ ရွာတွေမှာ ရေလွှမ်းခံရပြီး အဓိကကျတဲ့ လမ်းတွေလည်း သွားရေလာရေးအတွက် အဆက်အသွယ် ပြတ်တောက်ခဲ့ရပါတယ်။

ယင်းနိုင်ငံရဲ့ အကြွယ်ဝဆုံးနဲ့ လူနေအသိပ်သည်းဆုံး ပြည်နယ်ဖြစ်တဲ့ ဆီလန်ဂေါကတော့ ရေကြီးမှုဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ ဧရိယာတွေအနက် တစ်ခုဖြစ်ခဲ့ပါတယ်။

ရှားအလမ် မြို့မှာတော့ ဒီဇင်ဘာ ၂၁ ရက်အထိ ဧရိယာတချို့မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်နေဆဲ ဖြစ်ပြီး စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ လှေတွေကို သုံးပြီး နေအိမ်တွေ၊ အစိုးရ ကယ်ဆယ်ရေးစခန်းတွေမှာ ပိတ်မိနေတဲ့ ရေဘေးသင့်ပြည်သူတွေဆီ အစားအသောက်တွေ လိုက်လံဝေငှပေးခဲ့ကြပါတယ်။

မလေးရှားနိုင်ငံသားတစ်ဦးဖြစ်တဲ့ ကာ့တစ် ဆူဘရာမန်နီဟာ ရေကြီးမှုဖြစ်ချိန် ၎င်းရဲ့ နေအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရပြီး စာသင်ကျောင်းတစ်ကျောင်းမှာ ၄၈ နာရီကြာ ခိုလှုံခဲ့ပြီးမှ ၎င်းရဲ့ မိသားစုနဲ့အတူ ကယ်ဆယ်ရေးစခန်းတစ်ခုဆီ ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပါတယ်။

"ကျွန်တော့် အိမ်ကတော့ လုံးဝကို ပျက်စီးသွားပါတယ်၊ ကျွန်တော့် ကားနှစ်စီးလည်း ရေထဲမြုပ်ပြီး ပျက်စီးသွားပါပြီ" လို့ အသက် ၂၉ နှစ်အရွယ် ဆူဘရာမန်နီက အေအက်ဖ်ပီကို ပြောပါတယ်။

"ကျွန်တော့် တစ်သက်မှာ ဒါက အဆိုးဆုံးရေကြီးမှုပါပဲ၊ စိတ်ပျက်စရာကတော့ ဖက်ဒရယ် အစိုးရဟာ ပြည်သူတွေအပေါ် တာဝန်ပျက်ကွက်နေခဲ့ပါတယ်၊ လူ့အသက်အိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးရမယ့် အဓိကလုပ်ငန်းတာဝန်ကို အစိုးရဘက်က ပျက်ကွက်ခဲ့ပါတယ်" လို့ ၎င်းက ပြောပါတယ်။

လက်ရှိ ရေကြီးမှုဖြစ်စဉ်အပေါ် အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ပုံက နှေးကွေးပြီး မလုံလောက်ဘူးဆိုပြီး ဝေဖန်ပြစ်တင်သူတွေအနက် ဆူဘရာမန်နီလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးဌာနနဲ့ စစ်တပ်ရဲ့ အမှုထမ်း ထောင်ချီ တပ်ဖြန့်ချထားပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးကြောင်း ဝေဖန်သူတွေက ပြောဆိုကြပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးအားထုတ်မှုတွေအတွက် အစားအသောက်နဲ့ လှေတွေ ထောက်ပံ့ရာမှာ စေတနာ့ဝန်ထမ်းတွေလည်း ပါဝင်လုပ်ကိုင်ထားခဲ့ကြပါတယ်။

ရေကြီးမှု အဆိုးဆုံးခံရတဲ့ ရှားအလမ် မြို့မှာ စူပါမားကတ်တွေမှာ ခိုးဝှက်လုယူခံရတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly