အစိုးရ၏ ဖိနှိပ်မှုကြောင့် တရုတ်နည်းပညာကုမ္ပဏီများ ဝန်ထမ်းအင်အားလျှော့ချနေ

By Business insider
21 December 2021
အစိုးရ၏ ဖိနှိပ်မှုကြောင့် တရုတ်နည်းပညာကုမ္ပဏီများ ဝန်ထမ်းအင်အားလျှော့ချနေ

အစိုးရက နည်းပညာကဏ္ဍကို ဖိနှိပ်နေခြင်းကြောင့် တရုတ်နည်းပညာကုမ္ပဏီများကဝန်ထမ်းများကို အလုပ်မှထုတ်ပယ်နေရသည့် သတင်းများက တရုတ်တွင် ဂယက်ရိုက်ခက်နေသည်။

တရုတ်၏ Netflix ကဲ့သို့သော iQiyi နှင့် ဗီဒီယိုအတိုများ ရိုက်လွှင့်သည့် ByteDance ကုမ္ပဏီပိုင် TikTok နှင့် ပြိုင်ဘက်ဖြစ်သည့် Kuaishou တို့တွင် ဝန်ထမ်းများ အကြီးအကျယ်ကို လျော့ချလျက်ရှိသည်။

ဗီဒီယိုကြည့်ရှုသည့် ပလပ်ဖောင်း iQiyi သည် ရာနှင့်ချီသော အလုပ်သမားများ သို့မဟုတ် ဌာနအသီးသီးရှိ ယင်း၏ လုပ်သားအင်အား၏ ၂၀ ရာခိုင်နှုန်းကို အလုပ်မှထုတ်ပယ်လိုက်ကြောင်း Caixin Global မှ ကုမ္ပဏီ ဝန်ထမ်းများကို ကိုးကား၍ ဖော်ပြခဲ့သည်။

အမြတ်အစွန်းအနည်းဆုံးဌာနခွဲများမှ ဝန်ထမ်း ၄၀ ရာခိုင်နှုန်းအထိ အလုပ်ထုတ်ပစ်ခဲ့ကြောင်း Caixin Global မှ ဖော်ပြခဲ့သည်။

Nasdaq စာရင်းဝင် iQiyi သည် ၂၀၂၁ခုနှစ် တတိယ ၃လပတ်တွင် လုပ်ငန်းလည်ပတ်စရိတ် တရုတ်ယွမ် ၁ ဒသမ ၄ ဘီလီယံ (ဒေါ်လာ သန်း ၂၂၀) အရှုံးပေါ်ခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီသည် ကိုဗစ်-၁၉ကာလ ထုတ်လုပ်မှုပြဿနာများကြောင့် ယင်း၏ အစီအစဉ်အများအပြားနှောင့်နှေး ခဲ့ရပြီးနောက် ကြော်ငြာဝင်ငွေများ ကျဆင်းသွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ယင်း၏ တတိယ၃ လပတ် အွန်လိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့အတူ Kuaishou သည် အလယ်အလတ်တန်းစားမန်နေဂျာများနှင့် စွမ်းဆောင်ရည် နိမ့်လုပ်သားများကို အလုပ်ထုတ်ပယ်ခဲ့ကြောင်း ကုမ္ပဏီဝန်ထမ်းများ၏ ပြောကြားချက်ကို ကိုးကား၍ China's The Paper က ဖော်ပြသည်။

ဟောင်ကောင်စတော့ရှယ်ယာစာရင်းဝင် Kuaishou ကုမ္ပဏီသည် ဝန်ထမ်းများကို ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟု လူမှု မီဒီယာတွင် ဝန်ထမ်းများ၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly