ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ဗီယက်နမ်နယ်စပ်ကို တရုတ်က တင်းကျပ်ထား

ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ဗီယက်နမ်နယ်စပ်ကို တရုတ်က တင်းကျပ်ထား

ဗီယက်နမ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရန် တရုတ်က အနောက်တောင်ပိုင်း နယ်စပ် တစ်လျှောက် လုံခြုံရေးကို တင်းကျပ်လိုက်သည်။

ရောဂါကူးစက်မှု ကင်းဝေးစေရန် ကွမ်ရှီပြည်နယ်အာဏာပိုင်များက တရားမဝင် ဝင်ရောက်မှုအား နှိမ်နင်းခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်သူများကို ကူညီပေးသည့် လူကုန်ကူးသူများကို ဖမ်းဆီးခြင်း၊ နယ်စပ်တစ်လျှောက် စစ်ဆေးရေးဂိတ်များ ထပ်မံထူထောင်ခြင်းနှင့် ဒေသခံများအတွက် အစုလိုက်အပြုံလိုက် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

ပင်းရှန်မြို့တွင် ရှိရင်းစွဲဂိတ်ပေါင်း ၉၆ ခုအပြင် စစ်ဆေးရေးဂိတ် ၅၁ ခုကို ထည့်သွင်းထားပြီး ဗီယက်နမ်နှင့် ၉၇ ကီလိုမီတာ (မိုင် ၆၀) နယ်စပ်တစ်လျှောက်၌ ၂၄ နာရီ လုံခြုံရေးကင်းလှည့်မှုများ စတင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

ပင်းရှန်မြို့တွင် ဒီဇင်ဘာ ၁၁ရက်က တရားမဝင် နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခြင်းအတွက် လူ ၂ ဦးကို သီးသန့် ထားရှိစောင့်ကြည့်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးဌာနမှ ထုတ်ပြန်သည့် သတိပေးချက်ကို ကိုးကား၍ သတင်းများက ဆိုသည်။

“ဒီ လုပ်ရပ်တွေက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေး တည်ငြိမ်မှုနဲ့ လူတွေရဲ့ ကျန်းမာရေးနဲ့ ကျွန်တော်တို့ မြို့ရဲ့ ဘဝတွေကို ခြိမ်းခြောက်နေတယ်” ဟု သတိပေးချက်တွင် ဖော်ပြထားသည်။

ကွမ်ရှီပြည်နယ်၊ ပင်းရှန်မြို့တွင် ပြည်ပမှ ကူးစက်မှ ၇ မှုနှင့် ရောဂါလက္ခဏာမပြသော ရောဂါဖြစ်ပွားမှု ၄ ခုကို ဒီဇင်ဘာ ၁၀ရက်တွင် တွေ့ရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။

တရုတ်က ပြည်ပမှ ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို တားဆီးရန် တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုများနှင့် တင်းကျပ်သော သီးခြားခွဲထားခြင်းအစီအမံများကို ထိန်းသိမ်းထားသည်။

ဗီယက်နမ်တွင် ကူးစက်မှု ၁၅,ဝဝဝ ကျော်နှင့်သေဆုံးမှု ၂၅၆ ခုရှိကြောင်း ဒီဇင်ဘာ ၉ရက်တွင် သတင်းဖော်ပြခဲ့သည်။ တစ်နေ့လျှင် ပျမ်းမျှသေဆုံးမှု အရေအတွက်သည် ၁၀ ရက်ဆက်တိုက် မြင့်တက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly