တရုတ်ကွန်မြူနစ်ပါတီဝင်များ ကလေးပိုမိုမွေးဖွားရန် တိုက်တွန်း

By Taiwan News
21 December 2021
တရုတ်ကွန်မြူနစ်ပါတီဝင်များ ကလေးပိုမိုမွေးဖွားရန် တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ (CCP) အဖွဲ့ဝင် မိသားစုများအနေဖြင့် ကလေး ၃ ဦးထက်မနည်းမွေးရန် ဒီဇင်ဘာ ၈ ရက်က ရေးသားတောင်းဆိုသည့် သဘောထားအမြင် ဆောင်းပါး တစ်ပုဒ်ထွက်ပေါ်လာပြီး တရုတ်တွင် အုတ်အော် သောင်းတင်းဖြစ်သွားသဖြင့် အင်တာနက်မှ ချက်ချင်းဖြုတ်ချခြင်းခံခဲ့ရသည်။

“ဘယ်ပါတီဝင်မဆို အကြောင်းပြချက်၊ ရည်ရွယ်ချက် ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာတစ်ခုခုကို အကြောင်းပြပြီး လက်မထပ်ဖို့ ဒါမှမဟုတ် ကလေးမယူဖို့၊ ကလေးတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်တည်းယူဖို့ ဆင်ခြေတစ်ခုခုကို မသုံးသင့်ဘူး” ဟု China Reports Network က နိုဝင်ဘာလက ပထမဆုံးထုတ်ဝေသည် ဆောင်းပါးတွင် ဖော်ပြထားသည်ဟု South China Morning Post (SCMP) သတင်းတွင် ဖော်ပြထားသည်။

"CCP ပါတီဝင်ဝင်တိုင်းက တိုင်းပြည်လူဦးရေတိုးပွားမှုနဲ့ ဆိုင်တဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ထမ်းဆောင်ပြီး ကလေး ၃ ဦးမူဝါဒကို လိုက်နာဆောင်ရွက်သင့်ပါတယ်" ဟု ဆက်လက်ဖော်ပြထားသည်။

ဆောင်းပါးတွင် ကလေးမမွေးပေးနိုင်သည့် CCP အဖွဲ့ဝင်များအတွက် လမ်းညွှန်ချက်များကိုပင် ဖော်ပြထားသည်။

အသက်အရွယ် သို့မဟုတ် အခြားအခြေအနေများကြောင့် ကလေးမမွေးနိုင်သောအဖွဲ့ဝင်များသည် "ကလေးသုံးယောက်ယူရန်အတွက် သူငယ်ချင်းများ၊ မိသားစုဝင်များအား ပညာပေးခြင်း၊ လမ်းညွှန်ခြင်းနှင့် ကူညီပေးမှုများကို တက်ကြွစွာလုပ်ဆောင်ရမည်" ဟု SCMP တွင် ဖော်ပြထားသည်။

“ပါတီဝင်များသည် မိသားစုနှင့် သူငယ်ချင်းများ အိမ်ထောင်မပြုခြင်း သို့မဟုတ် ကလေးမွေးဖွားချိန်တွင် မမွေးခြင်းအတွက် ဒီအတိုင်းအနေသင့်ဘဲ၊ အကြောင်းပြချက်တစ်ခုခုဖြင့် ကလေးတစ်ဦး သို့မဟုတ် ၂ ယောက်သာ ယူမည့်သူများကိုလည်း လျစ်လျူမရှုထားသင့်ပါ” ဟု အဆိုပါ သဘောထားအမြင်က ဆိုသည်။

Weibo တွင် ထောင်နှင့်ချီသော အသုံးပြုသူများက ဆောင်းပါးကို လှောင်ပြောင်သော မှတ်ချက်များရေးခဲ့ကြ သည်။ ကလေးမွေးရန်ရွေးချယ်ခွင့်နှင့် တစ်ဦးချင်းစီ၏လွတ်လပ်မှုကို အကာအကွယ်ပေးသည့် ဥပဒေတစ်ရပ်ဖြစ်သည့် အမျိုးသမီးများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆိုင်ရာ ဥပဒေကို အချို့သောအသုံးပြုသူများက ဖော်ပြကြသည်။

ဆင်ဆာအဖွဲ့များက ဖြုတ်ချခဲ့သော်လည်း၊ ဆောင်းပါး၏ ရိုက်ယူထားသည့်ပုံများကို လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့်မျှဝေခဲ့ကြသည်။ အဆိုပါ ဆောင်းပါးကို cloud-based ဆာဗာများရှိ ဖိုင်များတွင် သိမ်းဆည်းထားခဲ့ကြသည်။

၂၀၂၁ခုနှစ် ဇွန်လအထိ၊ CCP တွင် အဖွဲ့ဝင် ၉၅ သန်းကျော်ရှိပြီး တရုတ်လူဦးရေစုစုပေါင်း၏ ၆ ဒသမ ၇၃ ရာခိုင်နှုန်းခန့်ရှိကာ ၂၀၁၀ပြည့်နှစ်တွင် အဖွဲ့ဝင် ၅ ဒသမ ၉၉ ရာခိုင်နှုန်းရှိရာမှ တိုးလာခြင်းဖြစ်သည်ဟု Statistica တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly