ပေကျင်းအိုလံပစ်ပွဲတော်ကို သံတမန်ရေးအရ သပိတ်မှောက်ခြင်းထက် ပိုမိုလုပ်ဆောင်သွားရန် နိုင်ငံရေး လေ့လာသုံးသပ်သူက ဂျပန်အစိုးရကို တိုက်တွန်း

By Organiser
18 December 2021
ပေကျင်းအိုလံပစ်ပွဲတော်ကို သံတမန်ရေးအရ သပိတ်မှောက်ခြင်းထက် ပိုမိုလုပ်ဆောင်သွားရန် နိုင်ငံရေး လေ့လာသုံးသပ်သူက ဂျပန်အစိုးရကို တိုက်တွန်း

တရုတ်နိုင်ငံတွင် ကျင်းပမည့် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ကို သံတမန်နည်းအရ သပိတ်မှောက်ကြောင်း နိုင်ငံအများအပြားက ကြေညာပြီးနောက် ဖွင့်ပွဲအခမ်းအနားသို့ ဂျပန်အားကစားသမားများ တက်ရောက်ခြင်းမှ ရပ်တန့်ခြင်းထက် ပိုမိုလုပ်ဆောင်ရန်နှင့် ယင်းပွဲတော်ကို သံတမန်နည်းလမ်းအရ ရှောင်ရှားရန် နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ဂျပန်အစိုးရကို တောင်းဆိုလိုက်သည်။

Forward Japan မှ ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် ထင်ရှားသော ဂျပန်ပညာရှင်နှင့် ဝေဖန်ရေးဆရာ မာဆာတို ယူရှီအိုက "ဂျပန်သည် လမ်းဟောင်းအတိုင်း ထပ်မံမလျှောက်သင့်တော့ကြောင်း “ ရေးသားခဲ့သည်။

"အနည်းဆုံးတော့ သံတမန်ရေးအရ သပိတ်မှောက်ရမယ်၊ အဲဒါနဲ့ မလုံလောက်ပါဘူး။ အိမ်ရှင်တရုတ်နိုင်ငံရဲ့ အကြီးအကဲက အခမ်းအနား ဖွင့်ပွဲကြောင်း ကြေညာမှာဖြစ်တဲ့အတွက် အားကစားသမားတွေကလဲ ဖွင့်ပွဲ အခမ်းအနားကို သပိတ်မှောက်သင့်ပါတယ်" ဟု မာဆာတိုက ပြောကြားခဲ့သည်။

ဂျပန်အားကစားသမားများသည် အာဏာရှင်စနစ်ကို ထောက်ခံကြသည်ကို မြင်တွေ့ရသည်မှာ သည်းခံ နိုင်ဖွယ်မရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပေကျင်းမြို့တွင် ကျင်းပမည့် ၂၀၂၂ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရန် အမေရိကန်သမ္မတ၏ တောင်းဆိုချက်ကို ဗြိတိန်နှင့် သြစတြေးလျတို့ ပူးပေါင်းလိုက်နာချိန်တွင် ယခုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လာမည့် အိုလံပစ်ပွဲတော်ကို သံတမန်နည်းအရ သပိတ်မှောက်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပြင်သစ်က ထောက်ခံခဲ့ပြီး နောက်တစ်ဆင့်အတွက် ဥရောပ မိတ်ဖက်များနှင့် တိုင်ပင်မည်ဟု ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ရက်တွင် ပြောကြားခဲ့သည်။

CNN ၏အဆိုအရ အဆိုပါလုပ်ရပ်သည် တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသတွင် အထူးသဖြင့် ဝီဂါများနှင့် အခြားလူမျိုးစုနှင့် ဘာသာရေး လူနည်းစုအုပ်စုများအပေါ် အဓမ္မလုပ်အားပေး ခိုင်းစေမှုနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် ပတ်သက်ပြီး တရုတ်ကို အမေရိကန်က ပိုမို ဖိအားပေးလာခြင်းဖြစ်သည်။

တရုတ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စီးပွားရေးသည် ပုံမှန်အတိုင်းမဖြစ်နိုင်တော့ဟု ပြတ်ပြတ် သားသား သတင်းစကားတစ်ခုပေးပို့ရန် အမေရိကန်က မျှော်လင့်နေကြောင်း အိမ်ဖြူတော်မီဒီယာ ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီက အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly