ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၈ ဦးအထိ ရှိလာ

ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၈ ဦးအထိ ရှိလာ

ဒီဇင်ဘာလ ၁၈ ရက်

ဖိလစ်ပိုင်နိုင်ငံမှာ အခုနှစ်ရဲ့ အားအပြင်းဆုံး တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုအတွင်း သေဆုံးသူ ဦးရေဟာ ၁၈ ဦးအထိ မြင့်တက်ရောက်ရှိပြီး မုန်တိုင်း ပြင်းထန်စွာ ကျရောက်ခဲ့တဲ့ ဒေသတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ဆိုးဝါးနိုင်တယ်လို့  သဘာဝဘေး အေဂျင်စီက သတိပေးထားပါတယ်။ 

နိုင်ငံရဲ့ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဆီ တိုင်ဖုန်းမုန်တိုင်း ရိုင် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ သုံးသိန်းကျော်ထက်မနည်းဟာ နေအိမ်တွေနဲ့ ကမ်းခြေအိမ်ရာတွေကို စွ့်ခွာပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ခိုလှုံကြရပါတယ်။ ဧရိယာ တော်တော်များများမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်ပြီး ဓာတ်တိုင်တွေလည်း အများအပြား ပြိုလဲပါတယ်။ 

နာမည်ကြီး ခရီးသွားဧည့်သည်တွေ လာရောက်တဲ့ ဆီယာဂါအိုကျွန်းဆီ ကြာသပတေးနေ့က ဝင်ရောက်တိုက်ခိုက်တဲ့ ရိုင်မုန်တိုင်းဟာ စူပါတိုင်ဖုန်းမုန်တိုင်းပဲ ဖြစ်ပြီး လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီ ၁၉၅ ကီလိုမီတာ (မိုင် ၁၂၀) နှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ။ 

ကျွန်းအနှံ့ တိုက်ခတ်ချိန်မှာတော့ လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၁၅၀ အထိ အားပျော့သွားပြီး လူနေအိမ်တွေ ပြိုလဲကာ သစ်ပင်တွေ အမြစ်ကျွတ်ပြီး လမ်းပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲသွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

အဆိုးဆုံး ကြုံရတဲ့ ဒေသတွေမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ စစ်တပ်၊ ရဲ၊ ကမ်းခြေစောင့်တပ်နဲ့ မီးသတ်အင်အား ၁၈၀၀၀ ကျော်ထက်မနည်း ပူးပေါင်းပါဝင် အားဖြည့် ဆောင်ရွက်ပေးနေကြောင်း အမျိုးသား သဘာဝဘေးအေဂျင်စီမှ ပြောခွင့်ရှိသူ မတ် တမ်ဘဲလ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

“ဆူရီဂါအိုကျွန်းနဲ့ ဆီယာဂါအိုကျွန်းတွေမှာ တော်တော် ဆိုးဆိုးဝါးဝါး ပျက်စီးတယ်”လို့ မတ်တမ်ဘဲလ်က ပြောပါတယ်။ ဆက်သွယ်ရေး လိုင်းတွေ ပြတ်တောက်နေဆဲဖြစ်တဲ့ ဆီယာဂါအိုမှာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်တဲ့ ဓာတ်ပုံတွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က လူမှုမီဒီယာပေါ် ပို့စ်တင်ခဲ့ပါတယ်။ 

ဝေဟင်မြင်ကွင်းတွေမှာလည်း ရေအောက် စပါးခင်းတွေ နစ်မြုပ်ကုန်တာကို မြင်တွေ့ရပါတယ်။ 

ရိုင်မုန်တိုင်းဟာ တိုင်ဖုန်းရာသီ နှောင်းပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ထုံးစံအားဖြင့် မုန်တိုင်းတွေဟာ ဇူလိုင်နဲ့ အောက်တိုဘာကြားမှာ တိုက်ခတ်လေ့ ရှိတာပါ။ 

လူသားတွေကြောင့် ဖြစ်ရတဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီး ပူနွေးလာတာဟာ တိုင်ဖုန်းမုန်တိုင်းတွေကို ပိုပြီး အားကောင်းပြီး အင်အားပြင်းထန်စေတယ်လို့ သိပ္ပံပညာရှင်တွေက ရေရှည်သတိပေးလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required