နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်း ထောင်ဝတ်စုံဖြင့် ရုံးထုတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်း ထောင်ဝတ်စုံဖြင့် ရုံးထုတ်

ဒီဇင်ဘာလ ၁၇ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးတရားစွဲ ခံထားရသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် နေပြည်တောင်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို အကျဉ်းထောင်ဝတ်စုံဖြင့် ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးတွင် ယနေ့ဒီဇင်ဘာလ ၁၇ ရက်နေ့၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများက မဇ္ဈိမကို အတည်ပြုသည်။

တရားရုံးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် အဖြူရောင်အင်္ကျီနှင့် အညိုရောင်လုံ ချည်ကို ဝတ်ဆင်ထားပြီး ဒေါက်တာမျိုးအောင်သည် အဖြူရောင်အင်္ကျီနှင့် အပြာရောင်ရောင်လုံချည်ကို ဝတ်ဆင်ထားကြောင်း သိရသည်။

အဆိုပါ အကျဉ်းထောင်ဝတ်စုံကို ထောင်အာဏာပိုင်များက ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။ 

ယနေ့ရုံးချိန်းတွင် ၎င်းတို့အပေါ် စွဲဆိုထားသော အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ ၏ အမှု ငါးမှုအနက်  ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာငှားရမ်းမှုနှင့် ပတ်သတ်သည့် အမှုတစ်ခုတည်း ကိုသာ တရားရုံးက စစ်ဆေးခဲ့ပြီး အမှုများအတွက် လာမည့်ရုံးချိန်းကို ဇန်နဝါရီလ ၇ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။

ယနေ့တရားခွင်အတွင်း တရားလိုပြသက်များဖြစ်သော ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးဟောင်း ဒါ်နီလာကျော်တို့နှစ်ဦးက အမှုအတွက် သက်သေထွက်ဆိုခဲ့ပြီး မန္တလေးတိုင်းတရားရုံးချုပ် တရားသူကြီး ဦးမြင့်စန်းက စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အမှုလိုက် ရှေ့နေအဖွဲ့ကို အမှုအခြေအနေနှင့် ပတ်သက်၍ မီဒီယာများတွင် ထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်မိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်အတွက် တရားရုံးတွင် သက်သေထွက်ဆိုချက် အသေးစိတ်ကို မသိရပေ။ 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် ဘေးစီမံဥပဒေပုဒ် ၂၅ အတွက် ထောင်ဒဏ်နှစ်နှစ် စုစုပေါင်း ထောင်ဒဏ်လေးနှစ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ချမှတ်ခံထားရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နိုင်သော စုစုပေါင်း အမှု ၁၂ မှုဖြင့် တရားရင်ဆိုင်နေရပြီး ယင်းအနက် နှစ်မှုကို ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ရာ ကျန် ၁၀ မှုကို လက်ရှိရင်ဆိုင်နေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required