ပုသိမ်-ချောင်းသာ ကားလမ်းဘေး သစ်တောများအတွင်း စစ်ကောင်စီတပ် တောနင်းရာတွင် လမ်းပြပေးခဲ့သူ အသတ်ခံရ

ပုသိမ်-ချောင်းသာ ကားလမ်းဘေး သစ်တောများအတွင်း စစ်ကောင်စီတပ် တောနင်းရာတွင် လမ်းပြပေးခဲ့သူ အသတ်ခံရ

ဒီဇင်ဘာလ ၁၇ ရက်နေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ချောင်းသာမြို့ သစ်ပုတ်တံခါးကျေးရွာတွင် နေထိုင်ပြီး စစ်ကောင်စီတပ်များ တောနင်းရာတွင် ကူညီလမ်းပြပေးနေသူ မောင်ဦး ဆိုသူ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်က အသတ်ခံခဲ့ရကြောင်း ပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။

"ဝန်ကြီးတွေပါလာတဲ့ ယာဉ်တန်းကို ကျွန်တော်တို့အဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ မောင်ဦးက အဲ့ဒီအနားမှာရှိတဲ့ ရွာတွေက လူတွေကို လက်ညိုးထိုးဖမ်းခိုင်း၊ ရွာတွေထဲမှာရှိတဲ့ ကြက်၊ ဝက်၊ ကျွဲ၊ နွား နဲ့ ခွေးတွေကိုပါ သတ်စားတာတွေ အပြီးသိမ်းယူသွားတာတွေကို မောင်ဦးက စစ်ခွေးတွေနဲ့ အတူတူလုပ်ခဲ့လို့ ကျွန်တော်တို့အဖွဲ့နဲ့ BDF အဖွဲ့နှစ်ဖွဲ့ပေါင်းပြီး ရှင်းလင်းခဲ့တာပါ၊ ကျွန်တော်တို့တောထဲမှာ စခန်းချခဲ့တဲ့ နေရာတွေကို လိုက်ပြတာလည်း မောင်ဦးပါပဲ" ဟု PWDF အဖွဲ့ဝင်ကပြောသည်။

ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PWDF)၊ Beach Defence Force တပ်ဖွဲ့နှင့် ဧရာဝတီတောဝက် တပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီ ဝန်ကြီးများ လိုက်ပါလာသော ယာဉ်တန်းကို ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် တိုက်ခိုက်ခဲ့ပြီးနောက် ကားလမ်းဘေး သစ်တောများထဲသို့ စစ်ကောင်စီတပ်များက တောနင်းရှာဖွေခဲ့ရာတွင် မောင်ဦးက ဦးဆောင်လမ်းပြ ပေးခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်က ပြောသည်။

ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် BDF တပ်ဖွဲ့တို့ မောင်ဦးကို ရှင်းလင်းခဲ့ပြီးနောက်ပိုင်း ပုသိမ်-ချောင်းသာ ကားလမ်း လမ်းဘေးခြုံများထဲတွင် စစ်ကောင်စီ အရပ်ဝတ် လက်နက်ကိုင် ကင်းပုန်း အများအပြားချကာ နေ့စဉ် စောင့်ကြည့်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required