နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဘာဝဘေးအမှုကို ဒေါက်တာဇော်မြင့်မောင်က Video Conferencing ဖြင့် လိုပြသက်သေထွက်ဆိုမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဘာဝဘေးအမှုကို ဒေါက်တာဇော်မြင့်မောင်က Video Conferencing ဖြင့် လိုပြသက်သေထွက်ဆိုမည်

ဒီဇင်ဘာလ ၁၆ ရက်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးရန် ကျန်ရှိနေသည့် သဘာဝဘေး အမှု တစ်မှုကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တရားလိုပြ သက်သေ အဖြစ် Video Conferencing ဖြင့် ထွက်ဆိုမည်ဖြစ်ကြောင်း သိရသည်။ 

ဒီဇင်ဘာလ ၂၀ ရက် ရုံးချိန်းတွင် ထွက်ဆိုသွားမည် ဖြစ်သည်ဟု ဒေါက်တာဇော်မြင့်မောင်အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေအဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုဖို့ ရှိတယ် ဆိုပေမယ့် Video Conferencing နဲ့ စစ်ဆေးမှာပါ။ လူကိုယ်တိုင်သွားလို့ မရပါဘူး။ တရားရုံးက သက်သေ အမည်စာရင်း လက်ခံ လိုက်တာက တစ်ပိုင်း၊ အဲ့ဒီသက်သေတွေကို နေပြည်တော်သွားပြီး စစ်ခံရမယ်၊ မစစ်ခံရမယ် ဆိုတာက တစ်ပိုင်းပါ။ တရားရုံးက သက်သေပြသခွင့်ကို ခွင့်ပြုလိုက်တာပါ။ ပြသတဲ့ သက်သေကို ဘယ်လိုပုံစံနဲ့ စစ်မလဲ ဆိုတာ လူရုံးထုတ်လား၊ VC နဲ့လားပေါ့။ အခု ၂၀ ရက်နေ့မှာ VC စစ်ဆေးဖို့ ဖြစ်နေတာ ” ဟု ၎င်းက ပြောသည်။

ဒေါက်တာဇော်မြင့်မောင် ရင်ဆိုင်နေရသည့် အဂတိအမှု ငါးမှုကို  ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်တွင် အိုဘိုးအကျဉ်းထောင် အထူးတရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။

ယင်းနေ့ ရုံးချိန်းတွင် စွဲဆိုထားသော အဂတိ အမှုများအတွက် တရားလိုပြ သက်သေ နှစ်ဦးစီ စစ်ဆေး ကြားနာခဲ့ပြီး အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ထို့အပြင် ဒေါက်တာဇော်မြင့်မောင်အား မဲသမာမှု ပြုလုပ်သည်ဟု ဆိုကာ စွဲဆိုထားသော ရာဇသတ်ကြီး ပုဒ်မ ၁၇၁ အမှုနှင့် ၁၃၀ (က) အမှု နှစ်မှုကိုလည်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အိုးဘိုထောင်အတွင်းရှိ အောင်မြေသာစံ မြို့နယ် အထူးတရားခွင်နှင့် အမရပူရမြို့နယ် အထူးတရားခွင်များ၌ ကြားနာ စစ်ဆေးခဲ့ကြသည်။

ယင်းအမှုနှစ်မှု အတွက် ရုံးချိန်းကို ဒီဇင်ဘာလ ၂၂ ရက်သို့ ထပ်မံ ချိန်းဆိုလိုက်သည်။ ယင်းသို့ ချိန်းဆိုလိုက်ခြင်းသည် ဒီဇင်ဘာ ၂၀ ရက်၌ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် တရားလိုပြ သက်သေ ထွက်ဆိုရန် တိုက်ဆိုင်နေသောကြောင့် ဖြစ်နိုင်သည်ဟု ရှေ့နေအဖွဲ့ဝင် တစ်ဦးက ဆိုသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အမှု ခုနစ်မှု ရင်ဆိုင်ရန် ကျန်ရှိနေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှု ၁၀ မှု ဆက်လက် ရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ပို့ကုန်၊သွင်းကုန်ပုဒ်မ (၈) အမှု နှင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ အမှုတို့အတွက် ဒီဇင်ဘာလ ၂၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်သွားမည် ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required