အိန္ဒိယလေတပ်စခန်း တိုက်ခိုက်ခံနေရသည်က သုံးရက်မြောက်လာ

အိန္ဒိယလေတပ်စခန်း တိုက်ခိုက်ခံနေရသည်က သုံးရက်မြောက်လာ

နယူးဒေလီ၊ ဇန်နဝါရီ ၄ ။            ။ ပါကစ္စတန်နယ်စပ်အနီးရှိ အိန္ဒိယနိုင်ငံ ပတ်သန်ကော့နယ်မြေမှ လေတပ်အခြေစိုက်စခန်းတွင် အိန္ဒိယစစ်တပ်နှင့် အကြမ်းဖက် စစ်သွေးကြွများကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ သုံးရက်မြောက်ရှိနေပြီဖြစ်သည်။

ဇန်နဝါရီ ၄ ရက် နံနက်စောစောတွင် လေတပ်စခန်းဖက်မှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ရပ် ကြားလိုက်ရကြောင်း အိန္ဒိယရုပ်မြင်သံကြားက သတင်းဖော်ပြသည်။

စစ်သွေးကြွ ငါးဦးနှင့် အိန္ဒိယစစ်သား ခုနစ်ဦး လက်ရှိအချိန်အထိ သေဆုံးကြောင်း သိရသည်။ လေတပ်စခန်းအတွင်း အကြမ်းဖက်သမားများ မည်မျှအထိ ဝင်ရောက်ရှိနေနိုင်သည်ကို   သေချာမသိရှိရသေးပေ။

အိန္ဒိယနှင့် ပါကစ္စတန်ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက စတင်ဖြစ်ပေါ်လာစဉ် ယခုကဲ့သို့ တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပါကစ္စတန်ခေါင်းဆောင် ရှာရစ်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေးက ပျော့ပျောင်းလာမည့် မျှော်လင့်ချက်များ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုများအပေါ် ပါကစ္စတန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ပြစ်တင်ရှုတ်ချထားသည်။

တစ်ချိန်တည်းတွင် အာဖဂန်နစ္စတန်မြောက်ပိုင်း မာဇာအီရှာရစ်မြို့တွင်းရှိ အိန္ဒိယကောင်စစ်ဝန်ရုံးကို လက်နက်ကိုင်များက တိုက်ခိုက်လာပြီး အဆောက်အအုံဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ ၎င်းတို့ ကျုးလွန်ကြောင်း ပြောကြားလာခြင်း မရှိသေးပေ။

လေတပ်စခန်းသို့ သွားရာလမ်းများ အားလုံးကိုလည်း ပိတ်ထားဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly