မြန်မာဆိုင်ရာ အာဆီယံ အထူးသံတမန်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်မည်ဟု ဟွန်ဆန် ပြော

မြန်မာဆိုင်ရာ အာဆီယံ အထူးသံတမန်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်မည်ဟု ဟွန်ဆန် ပြော
Photo - REUTERS

ဒီဇင်ဘာလ ၁၅ ရက်

အာဆီယံဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးသံတမန်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခ်ခွန်းကို ခန့်အပ်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ကမ္ဘောဒီးယားသည် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။

မစ္စတာ ဆော့ခ်ခွန်းသည် အာဆီယံအုပ်စု၏ လက်ရှိ မြန်မာဆိုင်ရာ အထူးသံတမန် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး အာရီဝမ် ယူဆော့ဖ်ကို ဆက်ခံသွားမည်ဖြစ်သည်။

"ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်တစ်ဦးဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရက်ခ် ဆော့ခ်ခွန်းကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကျွန်တော် ခန့်အပ်တာဝန်ပေးမယ်ဆိုတာကို ကျွန်တော် အတည်ပြုလိုပါတယ်" ဟု မစ္စတာ ဟွန်ဆန်က ဖနွမ်းပင်ရှိ ဇိမ်ခံဟိုတယ်တစ်လုံး ဖွင့်ပွဲအခမ်းအနားအတွင်း မိန့်ခွန်းပြောကြားစဥ် ပြောဆိုသွားခဲ့သည်။

မြန်မာနိုင်ငံရေး အကျပ်အတည်းတွင် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဥ်၏ ကြားဝင်ဖျန်ဖြေမှုကို အဆင်ပြေချောမွေ့စေရန်နှင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ရန် ပြီးခဲ့သည့် ဧပြီလက အာဆီယံခေါင်းဆောင်များအကြား ရရှိခဲ့သည့် မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုကို အသက်ဝင်စေရေးအတွက် အာဆီယံ အထူးသံတမန်ကို တာဝန်ပေးအပ်ထားသည်။

တချိန်တည်းမှာပင် မစ္စတာ ဟွန်ဆန်က ၎င်းသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် လာရောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ၂၀၂၂ တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဥ် ကမ္ဘောဒီးယားအနေဖြင့် စည်းလုံးသော မိသားစုတစ်စုအဖြစ် အာဆီယံကို အားပေးမြှင့်တင်ရန် အကောင်းဆုံးလုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required