တက်ကြွလှုပ်ရှားသူ ကိုဇင်မျိုးမင်းကို ထားဝယ် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်

တက်ကြွလှုပ်ရှားသူ ကိုဇင်မျိုးမင်းကို ထားဝယ် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်

ဒီဇင်ဘာလ ၁၄ ရက်

ထားဝယ်မြို့မှ အာဏာ ဖီဆန်ရေး တက်ကြွလှုပ်ရှားသူ  ကိုဇင်မျိုးမင်း (ခ)ဇင်ကိုအား ထားဝယ် အကျဉ်းထောင်ရှိ ထောင်တွင်း တရားရုံးမှ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အပြီးသတ် အမိန့်အဖြစ် ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ကြောင်း ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN မှ ထုတ်ပြန်သည်။

အသက် (၂၀) နှစ်အရွယ် ကိုဇင်မျိုးမင်းသည် ဇူလိုင်လ ၂၀ ရက်က ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ ရေသိမ်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းကို အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) အတွက် ခုနှစ်နှစ်၊ ပုဒ်မ ၅၀၅ (က) အတွက် နှစ်နှစ်၊ လက်နက်မှု ၁၉ (စ) အတွက် နှစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ထားဝယ် အကျဉ်းထောင်တွင်း တရားရုံးမှ တက်ကြွလှုပ်ရှားသူ ကိုချစ်နိုင်ကိုလည်း အကြမ်းဖက်မှု ၅၂ (က) အတွက် ခုနှစ်နှစ်၊ ၅၀၅ (က) အတွက် သုံးနှစ်၊ လက်နက်မှု ၁၉ (စ) အတွက် တစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁နှစ် အမိန့် ချမှတ်ခဲ့သည်ဟု ထားဝယ် နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် DPPN ထံမှ သိရသည်။

လက်ရှိ ထားဝယ်အကျဉ်းထောင်အတွင်း အမြင့်ဆုံးထောင်ဒဏ် ၁၁နှစ် ချမှတ်ခံထားရသူ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင် အပါအဝင် သုံးဦးအထိ ရှိပြီဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး နောက် ယခင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသား/သူများနှင့် ထပ်မံ ဖမ်းဆီးခံရသူများကို အမြင့်ဆုံး ထောင်ဒဏ်များ ချမှတ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required