တရုတ်က နိုင်ငံလုံခြုံရေးကို အာရုံစိုက်ပြီး ဘာသာရေးထိန်းချုပ်မှုအပေါ် တင်းကျပ်

တရုတ်က နိုင်ငံလုံခြုံရေးကို အာရုံစိုက်ပြီး ဘာသာရေးထိန်းချုပ်မှုအပေါ် တင်းကျပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းက ပေကျင်းတွင် ကျင်းပသော အမျိုးသားဘာသာရေးဆိုင်ရာညီလာခံတစ်ခု၌ ဘာသာရေးအပေါ်ချုပ်ကိုင်မှုကို ပိုမိုတင်းကျပ်ရန် သတိပေးလိုက်သည်။

ရှီက တရုတ်နိုင်ငံသည် အွန်လိုင်းဘာသာရေးကိစ္စများကို ထိန်းချုပ်မှု အားကောင်းလာစေရန် အလေးထားလျက် ဘာသာရေးအား တရုတ်ယဉ်ကျေးမှုနှင့်အညီဖြစ်စေရေး ထပ်မံမြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည်။ ဘာသာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို တရားဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ရမည်ဟု အလေးအနက် ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့သည့် ညီလာခံသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး လာမည့်နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ ဘာသာရေးဆိုင်ရာ ကန့်သတ်ချက်ဘောင်များနှင့်၎င်းတို့၏ စည်းမျဉ်းများကို သတ်မှတ်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဘာသာရေးဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံ လုံခြုံရေးဆိုင်ရာ ပြီးပြည့်စုံသောအမြင်ကို လက်ခံခြင်းနှင့် အွန်လိုင်းဘာသာရေးကိစ္စဆိုင်ရာ စီမံခန့်ခွဲမှုကို အားကောင်းစေခြင်းတို့၏ အရေးကြီးပုံကို ရှီက အလေးထားပြောကြားခဲ့ပြီး ဘာသာရေးဆိုင်ရာသတင်းအချက်အလက်များ ဖြန့်ဝေခြင်းကို ကန့်သတ်သည့် ၂၀၁၈ စည်းမျဉ်းမှ တစ်ဆင့်တက်လာမှုပင်ဖြစ်သည်။

ဘုန်းကြီးများသည် ကိုယ်တိုင်ပညာရှာမှီးကာ ကိုယ့်စည်းကမ်းနှင့်ကိုယ်နေထိုင်သင့်ပြီး ၎င်းတို့စီမံခန့်ခွဲသည့် ဝတ်ပြုစုဝေးပွဲများကို အနီးကပ်ကြည့်ရှုစောင့်ရှောက်သင့်ကြောင်းလည်း ရှီက အလေးပေးပြောကြားခဲ့သည်။

ပေကျင်းရှိ Minzu တက္ကသိုလ်မှ လူမျိုးရေးလေ့လာမှုဆိုင်ရာ ပါမောက္ခရှောင်ကူရှင်းက အဆိုပါညီလာခံသည် အွန်လိုင်းဘာသာရေးကိစ္စများကို စီမံခန့်ခွဲရာတွင် တရားဥပဒေစိုးမိုးရေး အားကောင်းလာစေရန် အထူးအလေးပေးထားကာ မသင့်လျော်သော အွန်လိုင်းဟောပြောမှုများအတွက် ဘာသာရေးဆရာများကို ပြစ်ဒဏ်ချမှတ်မည်ဖြစ်သဖြင့် သတိပြုဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ သူတို့ရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေ၊ မှတ်ချက်တွေနဲ့ အပြုအမူတွေအတွက် တူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေအတွက် ပြစ်ဒဏ်ရင်ဆိုင်ရနိုင်ပါတယ်” ဟု ရှောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly