ဒီတစ်ဆောင်းတော့ခိုရဦးမယ်ထင်

13 December 2021
ဒီတစ်ဆောင်းတော့ခိုရဦးမယ်ထင်

ဒီဇင်ဘာလ ၁၃ ရက်

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီလကုန်ပိုင်းကစ၍ စစ်အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးပစ်ခတ်မှုရှိလာသည်။ 

လူဦးရေ ၅၀,၀၀၀ ဝန်းကျင်ရှိသည့် မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(CDF-Mindat) ဖွဲ့စည်းကာ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့်  ဒေသခံ ၁၀,၀၀၀ ကျော်သည် ကျေးရွာများနှင့် တောထဲသို့ အိုးအိမ်စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ ထိုအထဲတွင်ဒေါ်အနိုင်းတို့မိသားစုလည်းပါဝင်သည်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၈၆၀ ၌ တည်ရှိသော မင်းတပ်မြို့သည် အရှေ့မှအနောက်သို့ ၃၃ မိုင် နှင့် တောင်မှမြောက်သို့ ၃၇မိုင် ရှည်လျားကျယ်ဝန်း သည်။ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ် နှင့် ဆောမြို့နယ် ၊ကျောက်ထုမြို့နယ်။ အနောက်ဘက်တွင် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်။ တောင်ဘက်တွင် ကန်ပက်လက်မြို့နယ်၊ မြောက်ဘက်တွင် မတူပီမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ 

''တကယ်တော့ ကျွန်မက မပြေးချင်ပါဘူး။ကိုယ့်အိမ်ထဲမှာပဲနေချင်တာပေါ့။ ဒါပေမယ့်ကျွန်မအမျိုးသားကလည်း တခြားတစ်နေရာရောက်နေတယ်။ ကျွန်မမှာလည်းအကြီးမလေးကလည်း နှစ်နှစ်အရွယ်ပဲရှိသေးတယ်။ အငယ်လေးကလည်း လပိုင်းပဲရှိသေးတယ်။ ညဘက်သေနတ်သံတွေကြားရင် လက်နက်ကြီးသံတွေကြားရင် ကလေးတွေက ငိုကြတယ်။

တစ်ရပ်ကွက်လုံး မီးမှိတ်လိုက်တယ်၊မှောင်နေတယ်။ ကျွန်မတို့အိမ်တစ်အိမ်ပဲ မီးလင်းနေတယ်။ မီးပိတ်တာနဲ့ကလေးကငိုပြီး ဒါနဲ့မဖြစ်တော့ဘူးဆိုပြီး ကိုယ့်အိမ်ကိုစွန့်ပြီးပြေးရတော့တာပဲ" ဟု ဒေါ်အနိုင်းက သူအိမ်စွန့်ခွာပုံကိုပြောလာသည်။

မင်းတပ်မြို့မိမြို့ဖများ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် CDF-Mindat နှင့် စစ်ကောင်စီတပ်အကြား ဇွန်လ ၂၀ ရက်နေ့ ကစ၍ အပစ်ခတ်ရပ်စဲခဲ့ကြသော်လည်း ဇူလိုင် ၁၆ ရက်နေ့တွင် ဆွေးနွေးမှုပျက်ပြယ်ကာ တိုက်ပွဲပြန်လည်ပြင်းထန်လာပြီး ပြန်ပြေးလာကြပြန်ရသလို နောက်ထပ်လည်းဒေသခံပြည်သူများ ရာနှင့်ချီထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြန်သည်။

''ရက်ပိုင်းလောက်ပဲထင်ပြီးပြေးကြတာ၊ပထမဝမ္မသူးရွာဘက်ပြေးတယ်။နောက်တော့ စစ်ကြောင်းတွေက အဲဒီဘက်ကို တက်လာတော့ ၊လုံခြုံမယ်ထင်တဲ့နောက်တစ်ရွာကိုပြေးရပြန်တယ်။ အဲဒီမှာလည်းမလုံခြုံဘူး ဆိုပြီးအခုနေထိုင်နေတဲ့ရွာကိုပြေးလာရတာ၊ဒီမှာလည်းလုံခြုံလားဆိုတော့ ရွာထဲမှာနေလိုက်တောင်ယာထဲမှာ သွားနေလိုက် လုပ်နေရတာပဲ။ မတက်နိုင်ဘူးလေအများနည်းတူပေါ့။''ဟုဆိုသည်။

သူမအနေဖြင့်နေအိမ်တွင်ပြန်လည်နေထိုင်ရန်မဖြစ်နိုင်ကြောင်းနှင့် မြို့ပေါ်တွင် ပိတ်ဆို့တားဆီးမှုများ ကြောင့်စားရိက္ခာများပြတ်လပ်နေပြီဟုသိရသည့်အတွက် ပြန်ရန်မဖြစ်နိုင်သေးဟုပြောသည်။
'
"ဒီမှာက တောင်ယာထဲမှာရှိတာ ခူးစားသောက်လို့ရတယ်။ မင်းတပ်မှာက မထင်ရင်မထင်သလိုဖမ်းစီးတာ တွေရှိတယ်။ ဆန်ဆိုလည်းဝယ်ဖို့က ကန့်သတ်ချက်တွေများနေတယ်။အခု ဆောင်းတွင်းဆိုတော့ အအေးဒဏ်ကို စ ခံစားနေရပြီ ။ပြီးတော့ ဆောင်းတွင်းကာလကြီးမှာမိုးတွေလည်းသည်းထန်စွာရွာချနေတယ်။ တစ်ချို့တဲအိမ်တွေဆိုရင်မိုးရေထဲမှာမျောပါးကုန်ကြတယ်''ဟု သူမကလက်ရှိအခြေအနေကိုပြောသည်။

နောက်ပိုင်းတွင်တော့ မင်းတပ်ရပ်မိရပ်ဖများနှင့် အကြမ်းဖက် စစ်ကောင်စီတပ် တွေ့ဆုံမှုပင်မရှိတော့ပါ။

သို့နှင့်ယခုဆိုလျှင် မင်းတပ်CDF နှင့်စစ်ကောင်စီတပ်တို့အကြားထိတွေ့မှုအကြိမ် ၈၀ နီးပါးရှိပြီဖြစ်သည်။ 

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၆၀၀ ကျော်အထိရှိနိုင်ကာ CDF ဘက်က ၃၈ ဦးကျဆုံးသည်ဟု တော်လှန်ရေးတပ် မင်းတပ်CDF တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။ စစ်ကောင်စီတပ်ဘက်ကတော့ တိုက်ပွဲအတွင်း ၎င်းတို့ဘက်ကသေဆုံးမှုကို ထုတ်ပြန်လေ့မရှိပါ။

စစ်ကောင်စီတပ်များထောင်ထားသောမိုင်းများနင်းမိခြင်းနှင့် သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သား ၁၀ ဦးခန့်ရှိပြီဖြစ်သည်။ 

'' အရင်ကတော့ မျှော်လင့်မိတာပေါ့၊ အချိန်တိုတိုနဲ့ပြီးမယ်ပေါ့။အခုဆိုရင် ကိုးလကျော်ပြီဘာမှအရာ မရောက်သေးဘူး၊ မင်းတပ်အနေနဲ့ညှိနှိုင်းလည်းအဆင်ပြေမှာမဟုတ်တော့ဘူး၊ညိှနှိုင်းမှုလုပ်ဖို့သွားတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ဖုန်းတွေကိုတောင်အသေးစိတ်စစ်တယ်ဆိုတော့ကျန်တဲ့သူတွေဆိုရင်ပြောမနေနဲ့ တော့''ဟုဒေါ်အနိုင်းကဆိုသည်။

CDM ဝင်နေတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ ''ကျွန်မရဲ့သားလေးကြီးပြင်းလာရင် စစ်တပ်ကအာဏာမက်လို့ တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်ရှောင်နေခဲ့ရပုံတွေ၊အသက်ဆုံးရှုံးခဲ့ရတဲ့ပုံတွေကို အိပ်ယာဝင်ပုံပြင်တစ်ပုဒ်လိုပြောပြနေမှာပါ'' ဟု ပြောသည်။ 

ဝန်ကြီးဌာနတစ်ခု၏ဝန်ထမ်းဖြစ်သူသူမဟာ မီးဖွားခွင့်ယူပြီး ဇာတိမြေကိုကလေးမွေးဖို့ပြန်လာချိန်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်သည့်အခါ လက်နက်ဖြင့်နိုင်ထက်စီးနင်းလုပ်သည်ကို လက်မခံနိုင်သည့်အတွက် CDM လုပ်ခဲ့သည်။ 

''မှတ်မှတ်ရရပဲ ကျွန်မသားလေးကိုမွေးတော့ ညဘက်ကြီးဗိုက်နာပြီလေ၊ မအော်ရဲဘူး ။အောက်မှာ ရဲတွေ စစ်သားတွေက ကင်းလှည့်နေကြတာ။ ကလေးမွေးတဲ့အခန်းအောက်တည့်တည့်မှာ ကားရပ်နေတာ လူငယ်တွေကလည်း အဆင်သင့် မီးမှောင်အောက်မှာချောင်းနေကြတာ သူတို့များအိမ်ပေါ်ကိုတက်လားမလား ဆိုပြီးတော့ပေါ့။ ကံကောင်းတယ်၊ သူတို့ကားထွက်သွားတာနဲ့ကျွန်မသားလေးလည်းမွေးတော့တာပဲ အသံကိုပြဲနေတာပဲ ''ဟု သူမကဆိုသည်။

ကောက်ယူထားသည့်စစ်တမ်းများအရ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီအသိအမှတ်ပြု စစ်ရှောင်စခန်း ၁၀ခုရှိရာ စံပြရပ်ကွက်မြို့မ(ဗဟို)ကျောင်း ၊ လငသ (၂) ၊ တောင်ပုလုကျောင်း၊ အရှေ့ဘုန်းကြီးကျောင်း(မြို့ဦး) ၊ ဘဝသစ်ရပ်ကွက်ရှိ ဘဝသစ်ဘုန်းကြီးကျောင်း၊ RC ဘဝသစ်၊ မြို့မနှစ်ခြင်း(ဘဝသစ်)နှင့် မက်သဒစ်ဘုရားကျောင်း ၊အနောက်ရပ်ကွက်တွင် RC စီးချဲ့ ၊ဖရက်စ်ဘုရားကျောင်းတို့ဖြစ်သည်။

ချင်းပြည်နယ်ပြင်ပနှင့်မင်းတပ်မြို့နယ်အတွင်း ရှိရွာများတွင်ရှောင်တိမ်းနေသည့် စစ်ရှောင်များက သောင်းကျော်ရှိနေသေးသည်ဟုသိရသည်။

စစ်ဘေးရှောင်စခန်းများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ ထောက်ပံ့မှုသည်။ သို့သော် စစ်ဘေးရှောင်အများစုရှိနေသည့် ရွာများကို အကူညီအညီများမရောက်သလို စစ်ကောင်စီတပ်ကလည်း သွားရောက်ထောက်ပံ့ခွင့် ပိတ်ပင်မှုပြုလုပ်ထားသည်။

WFP ထောက်ပံ့မှုပြင်ဘက် စစ်ဘေးရှောင်များအတွက် ကူညီလှူဒါန်းမှုအဓိကပြုပေးနေနိုင်သည်ကပြည်တွင်း၊ ပြည်ပအလှူရှင်များဖြစ်သည်။ နိုင်ငံတကာရောက်ချင်းလူမျိုးတို့က ထောက်ပံ့ကြသည်။ 

စစ်ဘေးရှောင်များကို ထောက်ပံ့ပေးမှုကြောင့် မင်းတပ်မြို့ပေါ်တွင် ဖမ်းဆီးခံရသူများရှိခဲ့ပြီး ထောင်ချခံရသလို ခံဝန်နှင့်ပြန်လွတ်လာသူများလည်းရှိသည်။ 

" စားသောက်ကုန်တွေကိုသိမ်းတာတွေလည်းရှိတယ်။ဒါကြောင့် နည်းလမ်းမျိုးစုံနှင့် ရိက္ခာတွေတော့သယ်နေကြရတယ်။" ဟု အခြေအနေကိုကောင်းစွာနားလည်နေသည့် ပရဟိတအကျိုးဆောင်တစ်ဦးက ပြောသည်။

ဒေါ်အနိုင်းကတော့ '' စစ်တပ်ကလည်း ရွာတွေမှာဖျက်ဆီးနေတယ်။ အိမ်တွေ ဘုရားကျောင်းတွေ ဘုန်းကြီးကျောင်း တွေမှာပစ္စည်းတွေယူကြတယ်။ မွေးထားတဲ့နွားနောက်တွေကိုသတ်စားကြတယ်ဆိုတော့။ CDFထဲမပါတဲ့ရွာသား တွေတောင် အခုဆိုလက်နက်ကိုင်တော်လှန်နေကြပြီ။ဒီလိုဆို လက်ရှိစစ်ရှောင်တွေကနေရပ်ပြန်ဖို့နေနေသာသာမြို့ပေါ်ကလူတွေကထပ်ပြီးတော့စစ်ရှောင်လာမဲ့သဘောရှိ နေပြီ။ဒါကြောင့်ဒီဆောင်းတော့ထပ်ပြီးခိုရဦးမယ်ထင်ပါတယ်" ဟု ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required