နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိအမှု ရုံးထုတ်ကြားနာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိအမှု ရုံးထုတ်ကြားနာ
(ဓာတ်ပုံ- EPA)

ဒီဇင်ဘာလ ၁၃ ရက်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးခန်း တည်ဆောက်ရန် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၆၀) ကို ငှားရမ်းအသုံးပြုရာတွင် ကာလပေါက်ဈေးထက် လျော့ချ ငှားရမ်းသည်ဟု ဆိုကာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အဂတိအမှုကို ယနေ့ နံနက်ပိုင်းတွင် ရုံးထုတ် စစ်ဆေးသည်။

ယင်းအမှုမှာ ရာဇသတ်ကြီးအမှု အမှတ် ၂၅ / ၂၀၂၁ ဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ကနဦး တရားစွဲဆို ထားသော အမှုဖြစ်ပြီး လက်ရှိတွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူး တရားရုံးသို့ အမှုစစ်ဆေးရန် လွှဲပြောင်းပေးထားသည်။

အမှုကို ကြားနာစစ်ဆေးသူမှာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်း ဖြစ်သည်။

ယနေ့ ကြားနာစစ်ဆေးမှုတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အရာရှိ ဦးရဲထက် ကို တရားလိုဘက် ရှေ့နေများက စစ်မေးခဲ့ကြပြီး စွပ်စွဲခံရသူ ရှေ့နေအဖွဲ့ကလည်း ပြန်လှန် စစ်မေး ခဲ့ကြသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ကို တစ်ပေါင်းတည်း စွဲဆိုထားသော ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းပိုင်မြေကို ကာလပေါက်ဈေးထက် လျော့ချ ရောင်းခဲ့သည့် အမှုကိုလည်း ဆက်လက် စစ်ဆေးခဲ့ကြသည်။ 

အဆိုပါ အမှုနှစ်ခုနှင့် ပတ်သက်၍  ဆက်လက်စစ်ဆေးရန် တရားသူကြီးက ဒီဇင်ဘာ ၁၇ ရက်ကို ရွှေ့ဆိုင်းခဲ့ပြီး ယင်းနေ့တွင် တရားလိုပြ သက်သေ နှစ်ဦးက လာရောက် စစ်ဆေးခံသွားမည် ဖြစ်သည်။ 

ယနေ့ ရုံးချိန်းသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ သုံးဦး ကျန်းမာရေး ကောင်းမွန်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required