ယူကရိန်းအရေးမှာ “ကြီးမားတဲ့ အကျိုးသက်ရောက်မှု’ ကြုံရလိမ့်မယ်လို့ ရုရှကို အမေရိကန် သတိပေး

ယူကရိန်းအရေးမှာ “ကြီးမားတဲ့ အကျိုးသက်ရောက်မှု’ ကြုံရလိမ့်မယ်လို့ ရုရှကို အမေရိကန် သတိပေး
Photo - AFP

ဒီဇင်ဘာလ ၁၃ ရက်

ရုရှနိုင်ငံအနေနဲ့ ယူကရိန်းအရေးမှာ ခြေလွန်လက်လွန် မဖြစ်စေဘဲ နောက်ကြောင်း ပြန်ဆုတ်ဖို့ စနေနေ့မှာ အမေရိကန်က တိုက်တွန်းရင်း သံတမန်ရေးကို စွန့်ပယ်ခဲ့တယ်ဆိုရင်တော့ ဂျီ-၇ နဲ့ မဟာမိတ်တွေအနေနဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ရလိမ့်မှာပဲ ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ 

ရုရှနိုင်ငံအနေနဲ့ လမ်းကြောင်းပြောင်းလဲဖို့ အချိန် ရှိပါသေးတယ်ဆိုပြီး လီဗာပူးမှာ ပြုလုပ်တဲ့ ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက သတင်းထောက်တွေကို ပြောတာ ဖြစ်ပါတယ်။ 

“ဒါပေမဲ့ ရုရှက လမ်းကြောင်း မပြောင်းဘူး ဆိုရင်တော့ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်၊ ဒါကို တုံ့ပြန်ရင်း ဆိုးဝါးတဲ့ ဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်၊ ဂျီ-၇ ကတော့ ဒီအတွက် စည်းလုံးညီညွတ်ပြီးသား ဖြစ်တယ်”လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။ 

“ရုရှကို အရေးယူရာမှာ ဒီမိုကရေစီ နိုင်ငံများစွာက ကျွန်တော်တို့နဲ့ ပူးပေါင်းလာမှာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

နှစ်ရက်တာ ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပထမရက်မှာ ယူကရိန်းအပေါ် ရုရှရဲ့ ထိပါးနေမှုနဲ့ ငါတကောကောလာတဲ့ တရုတ်နိုင်ငံကို ဘယ်လို တုံ့ပြန်မလဲဆိုတဲ့ အရေးတွေ လွှမ်းခြုံနေရာကနေ အခုလို သတိပေးပြောဆိုလာတာလည်း ဖြစ်ပါတယ်။ 

အမိန့်ပေး အာဏာပြဝါဒကို ဆန့်ကျင်တဲ့ စည်းလုံးတဲ့ တပ်ဦးအဖြစ် ဝန်ကြီးတွေက ပြသလိုတဲ့ အခု အစည်းအဝေးဟာ ဗြိတိန်က ဂျီ-၇ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားချိန်မှာ ပထမဆုံး လူချင်းတွေ့ဆုံ စည်းဝေးဆွေးနွေးမှုပဲ ဖြစ်ပါတယ်။ 

“ကျွန်မတို့အနေနဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အနားသတ်ကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ကျူးကျော်ရန်လိုသူတွေကို ဆန့်ကျင်ကြုဖို့ ခိုင်မာစွာ အတူတကွ ပေါင်းစည်းအားကို ပြသဖို့ လိုပါတယ်”ဆိုပြီး အစည်းအဝေး ဖွင့်ပွဲမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ်က ပြောပါတယ်။ 

“ဒါကို လုပ်ဆောင်ပြနိုင်ဖို့အတွက် ကျွန်မတို့ အားကောင်းစွာ တစ်သံတည်း ထွက်ကြဖို့ လိုတယ်၊ ကမ္ဘာအနှံ့မှာ ကျွန်မတို့ရဲ့ စီးပွားရေးနဲ့ လုံခြုံရေးရာကို တိုးချဲ့ဖို့ လိုအပ်ပါတယ်”လို့ သူက ဆိုပါတယ်။ 

ယူကရိန်း နယ်စပ်နားမှာ ရုရှက စစ်တပ်တပ်စွဲထားတာအတွက် အနောက်အုပ်စုရဲ့ စိုးရိမ်ပူပန်မှု ကြီးထွားလာနေတာ ဖြစ်ပြီး ရုရှကတော့ နေတိုးဖက် တိမ်းညွတ်နေတဲ့ ဆိုဗီယက်ဟောင်း ယူကရိန်းရဲ့ ခြေလှမ်းတွေကို ခုခံကာကွယ်ရေးအတွက် ဖြစ်တယ်လို့ ပြောထားပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required