'ဘာသာရေးစော်ကားသည်ဆိုသည့် စွပ်စွဲချက်' ဖြင့် သီရိလင်္ကာနိုင်ငံသား အသတ်ခံရမှုကိစ္စ လူ့အခွင့်အရေးအဖွဲ့များက ပါကစ္စတန်အစိုးရကို ဝေဖန်

'ဘာသာရေးစော်ကားသည်ဆိုသည့် စွပ်စွဲချက်' ဖြင့် သီရိလင်္ကာနိုင်ငံသား အသတ်ခံရမှုကိစ္စ လူ့အခွင့်အရေးအဖွဲ့များက ပါကစ္စတန်အစိုးရကို ဝေဖန်

ပါကစ္စတန်နိုင်ငံ ဆီယယ်ကော့ခ်ခရိုင်တွင် ဘာသာရေးစော်ကားသည်ဆိုပြီး မခိုင်လုံသည့် စွပ်စွဲချက်ဖြင့် သီရိလင်္ကာနိုင်ငံသားတစ်ဦးကို လူအုပ်ကြီးက ဝိုင်းဝန်းသတ်ဖြတ်ခဲ့မှုဖြစ်စဥ်အပေါ် ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင် (HRCP) က ဒီဇင်ဘာ ၃ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။

ယင်းဖြစ်စဥ်သည် နိုင်ငံတွင် မနားတမ်းတက်နေသည့် အစွန်းရောက်မှု၏ မနှစ်မြို့ဖွယ် အမှန်တရားကို မီးမောင်းထိုးပြသနေခြင်းဖြစ်သည်ဟု HRCP က ဆိုသည်။

ဒီဇင်ဘာ ၃ ရက်က ပုဂ္ဂလိကစက်ရုံများ၏ အလုပ်သမားများသည် စက်ရုံတစ်ခု၏ ပို့ကုန်မန်နေဂျာတစ်ဦးဖြစ်သည့် သီရိလင်္ကာအမျိုးသားတစ်ဦးကို လူအုပ်ဖွဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ၎င်းကို သတ်ဖြတ်ပြီးနောက် အလောင်းကို မီးရှို့ပစ်ခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အင်တာနက်ပေါ်တွင် တက်လာသည့် ဗီဒီယိုများထဲတွင် အဆိုပါ နေရာ၌ အမျိုးသား အများအပြား စုဝေးရောက်ရှိခဲ့သည်ကို ပြသနေခဲ့သည်။ ဗီဒီယိုတချို့ထဲတွင် လူများသည် "Labbaik Ya Rasool Allah" ဆိုသည့် ကြွေးကြော်သံများကို အော်ဟစ်နေသည်ကို ကြားရနိုင်သည်။

"ဘာသာရေး စော်ကားတယ်ဆိုပြီး ခိုင်လုံမှု မရှိတဲ့ စွပ်စွဲချက်တွေနဲ့ သီရိလင်္ကာအမျိုးသားကို ဆီယယ်ကော့တ် လူအုပ်စုတစ်စုက ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်၊ အလောင်းမီးရှို့ခဲ့တဲ့ ဒီ မတွေးဝံ့စရာ ရက်စက်ကြမ်းကြုတ်မှုဖြစ်စဥ်က ပါကစ္စတန်မှာ မနားတမ်း ထိုးတက်နေတဲ့ အစွန်းရောက်မှုရဲ့ မနှစ်မြို့ဖွယ် အမှန်တရားကို ထင်သာမြင်သာဖြစ်စေနိုင်ပါတယ်" ဟု HRCP က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး ပါကစ္စတန်အစိုးရ၏ တုံ့ပြန်မှုက သူရဲဘောကြောင်သလို ဖြစ်နေပြီး ကြံရာပါသကဲ့သို့ ဖြစ်နေသည်ဟု လူ့အခွင့်အရေးအုပ်စုက အီမရန် ခန်းအစိုးရအပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။

"ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ချက်ချင်းလက်ငင်းဖြစ်တဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်၊ ကျူးလွန်တဲ့ လက်သည်တရားခံတွေကို ဥပဒေအရ အရေးယူရမှာဖြစ်သလို အစိုးရအနေနဲ့ လယ်ယာစွန်း ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းလိမ်လည်ညှိနှိုင်းမှုတွေကို ရပ်စဲရမှာဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘာသာရေး စော်ကားသည် ဆိုသည့် စွပ်စွဲချက်တစ်ခုနှင့်အတူ ဆီယယ်ကော့တ်ခရိုင်ရှိ သီရိလင်္ကာ စက်ရုံမန်နေဂျာတစ်ဦးကို လူအုပ်စုက သတ်ဖြတ်ခဲ့သည့် အဆိုပါ 'စိုးရိမ်ထိတ်လန့်စရာ' ဖြစ်စဥ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း Amnesty International ကလည်း ထုတ်ပြန်သည်။

ပါကစ္စတန် အာဏာပိုင်များအနေဖြင့် လွတ်လပ်သည့်၊ ဘက်မလိုက်သည့်၊ မဆိုင်းမတွဖြစ်သည့် စုံစမ်းစစ်ဆေးမှုတစ်ခုကို ချက်ချင်း လုပ်ဆောင်ရမည် ဖြစ်ပြီး ကျူးလွန်သူများကို တာဝန်ခံခိုင်းရမည်ဖြစ်ကြောင်း ယင်းအဖွဲ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly