ပါကစ္စတန် ဆင်းန်ပြည်နယ် စာသင်ကျောင်း တိုက်ခိုက်ခံရမှု ဆရာများနှင့် ကျောင်းသားများ ဒဏ်ရာရရှိ

By International The News
11 December 2021
ပါကစ္စတန် ဆင်းန်ပြည်နယ် စာသင်ကျောင်း တိုက်ခိုက်ခံရမှု ဆရာများနှင့် ကျောင်းသားများ ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ၊ ဆင်းန်ပြည်နယ် နော်ရှာရို ဖဲရို့စ် ခရိုင် မိုရိုမြို့ရှိ အန်ကာ အင်စတီကျူ့ အများပိုင် စာသင်ကျောင်းတစ်ကျောင်း၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က ဟော်ကီရိုက်တံများ၊ တင်းပုတ်များ ကိုင်ဆောင်ထားသူများ၏ ရမ်းကား တိုက်ခိုက်မှုကြောင့် ကျောင်းသားများနှင့် ဆရာများ အပါအဝင် လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောင်းတွင် ယောကျ်ားလေးတစ်ဦးကို စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတချို့ကြောင့် ကျောင်းဝင်ခွင့် ငြင်းဆန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အဆိုပါ လူရမ်းကားများက စာသင်ကျောင်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဥ်တွင် နော်ရှာရို ဖဲရို့စ် ခရိုင် မိုရိုမြို့ ဂက်ချ်ရို လမ်းရှိ အန်ကာ အင်စတီကျူ့ အများပိုင်ကျောင်းကို တုတ်များ၊ ဟော်ကီရိုက်တံများ ကိုင်ဆောင်ထားသူ ၂၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့ရာတွင် ကျောင်းသားများနှင့် ဆရာများအပါအဝင် ၁၀ ဦးခန့် ဒဏ်ရာရခဲ့ပြီး ပရိဘောဂပစ္စည်းများ၊ ကွန်ပြူတာများနှင့် အခြား ကျောင်းအသုံးအဆောင်ပစ္စည်းများ မွှေနှောက်ဖျက်ဆီးခံခဲ့ရသည်။

ထိုဖြစ်စဥ်တွင် ရာဇာ ဘူတို၊ ဆက်ဒမ် ဘူတို၊ ဆက်ဘ်ဟန် ဆူမရို၊ ရှော့ဘ် ဘူတိုနှင့် အခြားသူတို့ ဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ခိုက်သူများက မော်တော်ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ပြေးသွားခဲ့ကြသည်။ ထိုဖြစ်စဥ်ဖြစ်ပြီးနောက် ခရိုင်တရားသူကြီးက တရားရေးဆိုင်ရာ အောက်ရုံးတရားသူကြီး မိုရို ဝက်ဆင်းမ် အာမက်ဒ် လက်ခီအာကို စေလွှတ်ခဲ့ပြီး ကျောင်းသားများနှင့် စာသင်ကျောင်း စီမံအုပ်ချုပ်သူများ၏ ပြောဆိုချက်များကို မှတ်တမ်းရယူစေခဲ့သည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး စာသင်ကျောင်း၏ စီအီးအို အေဇစ် ဘူတိုက အောက်ရုံးတရားသူကြီးကို ပြောဆိုခဲ့ရာတွင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ရှီးဇန် ဆိုဟို အမည်ရ ယောကျ်ားလေးတစ်ဦးကို ကျောင်းဝင်ခွင့် ငြင်းဆန်ခဲ့ကြောင်း၊ အကြောင်းမှာ ၎င်း၏ မေးခွန်းထုတ်ဖွယ်ရာ အကျင့်စရိုက်ကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။ ယင်းကဲ့သို့ ကျောင်းဝင်ခွင့် ငြင်းဆန်ခံရခြင်းကြောင့် ဆိုဟိုသည် ၎င်းကို ထောက်ခံအားပေးသူအဖွဲ့တစ်ဖွဲ့နှင့်အတူ စာသင်ကျောင်း၏ ကျောင်းသားများနှင့် ဆရာများကို ဒေါသတကြီး လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အောက်ရုံးတရားသူကြီးက တိုက်ခိုက်သူများနှင့်ပတ်သက်ပြီး ပထမသတင်းပေးတိုင်ချက် (FIR) ဖွင့်ရန် မိုရိုမြို့ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်။ ရဲများက ကာမယ် ဆိုဟို၊ အီဒန်၊ အဗ္ဗဒူလ် ဂါနီ၊ အစ်ခ်ဘဲလ်၊ ရှီဇန်နှင့် အခြားသူများကို ATA ဥပဒေအပိုဒ်ငယ် ၇ ခုဖြင့် FIR ဖွင့်ခဲ့သည်။ ယင်းနောက် FIR တွင် နာမည်စာရင်းပါသူများကို ဖမ်းဆီးရန် ရဲများက စီးနင်းရှာဖွေမှုများကို လုပ်ဆောင်ခဲ့ကြသည်။ တချိန်တည်းမှာပင် မိုရို ဒေသခံပြည်သူများက ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး ဆန္ဒပြပွဲတစ်ခုကို လုပ်ဆောင်ခဲ့ကြပြီး မြို့အာဏာပိုင်များဘက်က စာသင်ကျောင်းလုံခြုံရေးကို သေချာစောင့်ရှောက်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရန် တောင်းဆိုခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly