ရှင်ကျန်းလက်နက်ကိုင်တပ်ဖွဲ့၏ ဒုတပ်မှူးဟောင်း အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံရ

ရှင်ကျန်းလက်နက်ကိုင်တပ်ဖွဲ့၏ ဒုတပ်မှူးဟောင်း အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံရ

တရုတ်နိုင်ငံ အနောက်ဖျားရှိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ဒုတပ်မှူးဟောင်းတစ်ဦးသည် အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။

အစိုးရလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်း Xinjiang Production and Construction Corps (XPCC) ၏ ဒု-တပ်မှူးဖြစ်သူ ယန်ဖူလင်းသည် ပါတီစည်းမျဉ်းနှင့်ဥပဒေအား ပြင်းထန်စွာ ချိုးဖောက်မှုဖြင့် ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

သူသည် တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် ဝင်ရောက်စွက်ဖက်ပြီး စီမံကိန်း စာချုပ်ချုပ်ခြင်း၊ ရာထူးတိုးခြင်းနှင့်အမှုကိစ္စများကိုင်တွယ်ရာတွင် ငွေအမြောက်အမြားနှင့်လက်ဆောင်ပဏ္ဍာများဖြင့် အလဲအလှယ်လုပ်ခြင်းဖြင့် တရားမဝင် အကျိုးအမြတ်ငွေများ ရှာဖွေရာတွင် အခြားသူများအား ကူညီပေးခဲ့သည်။

အသက် ၆၄ နှစ်ရှိ တပ်မှူးဟောင်းအား စုံစမ်းစစ်ဆေးနေကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင်လတွင် ဖော်ပြခဲ့သည်။

မကြာမီ ယန်၏တရားခွင်အတွက် ပြင်ဆင်ပေးမည့် ပြည်နယ်အစိုးရရှေ့နေများထံ အမှုကို လွှဲပြောင်းထားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

အခြေချနေထိုင်သူများနှင့် တရုတ်နိုင်ငံအခြားပြည်နယ်များမှ အငြိမ်းစားစစ်သားများဖြင့် အဓိကဖွဲ့စည်းထားသော XPCC သည် ရှင်ကျန်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်လုံခြုံရေးကို ကြီးကြပ်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

၎င်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့် အပြိုင်လုပ်ဆောင်နေပြီး ဗဟိုအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင်ရှိသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်က XPCC ကို ပြီးခဲ့သည့်နှစ်က ဒဏ်ခတ်အရေးယူခဲ့သည်။

ယန်အပြင်ရှင်ကျန်းရှိ အခြားသော လုံခြုံရေးနှင့်ဥပဒေစိုးမိုးရေးအရာရှိဟောင်းများကိုလည်း အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် ရှင်းလင်းဖယ်ရှားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required