ဝါးခယ်မမြို့တွင် ယနေ့ပိတ်သော ဈေးဆိုင်များကို စစ်ကောင်စီက မှတ်တမ်းလိုက်ယူ

ဝါးခယ်မမြို့တွင် ယနေ့ပိတ်သော ဈေးဆိုင်များကို စစ်ကောင်စီက မှတ်တမ်းလိုက်ယူ

ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ရှိ ဈေးများတွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၌ ပိတ်ထားသော ဆိုင်များကို စစ်ကောင်စီနှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များက မှတ်တမ်းများ ယူသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီဘက်မှ မဖွင့်သည့်ဆိုင်များကို လိုက်စစ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် ဝါးခယ်မမြို့က စျေးဆိုင်သုံးပုံတွင် တစ်ပုံခန့် ဖွင့်ထားသည်ဟု သိရသည်။ 

“မြို့နယ် အုပ်ချုပ်ရေးမှူးလည်း ပါတယ်။ စစ်တပ်က ဈေးတွေကို လိုက်စစ်ပါတယ်။ မနေ့ထဲက လိုက်စစ်မယ်ဆိုပြီး သတင်းလွှင့်ထားတော့ မပိတ်ရဲကြတဲ့ သူတွေလည်း ရှိပါတယ်။ ပိတ်ထားတဲ့ ဆိုင်တွေကို လက်ညှိုးထိုးပြီး စည်ပင်က တစ်ယောက်ကို မှတ်ခိုင်းတယ်။ သူတို့တွေက ပုံရိုက် သွားပြီးတော့ မှတ်နေတာတွေ့တယ်။ ဘာတွေ ပြဿနာ ရှာဦးမလို့လဲ မသိဘူး” ဟု ၎င်းက ပြောသည်။

မြို့တွင်း လူစည်ကားရေးအတွက် မြို့နယ်အားကစားခန်းမ၌ COVID-19 ရောဂါကာကွယ်ဆေး ထိုးပေးမည်ဟု ဆိုကာ ပြည်သူများကို ခေါ်ဆောင်မှုများလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။

“ အမျိုးက အိမ်လာလို့သိတာ၊ သူတို့ကို COVID-19 ဆေး ထိုးပေးမယ်ဆိုပြီး စုပြီး ခေါ်ထားတယ်။ တမင်ကို လုပ်တာပါ။ မြို့ထဲ လူစည်နေတယ် ဆိုတာကို ပြချင်တာ။ တစ်ဝက် ကျော်ကျော်က ပိတ်ထားပါတယ်။ သူတို့ကို ကြောက်လို့ ဖွင့်ရတာနဲ့ သူတို့လူတွေ လောက်ပဲ ဖွင့်တာပါ။ မြို့ထဲမှာလည်း အသွားအလာ နည်းပါတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် မြန်မာနိုင်ငံ မြို့ရွာ အသီးသီး၌ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ် ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကိုယ့်အိမ်တွင် ကိုယ်နေ၍ ဆန္ဒပြ ဆင်နွှဲနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required