နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၆၀) အမှု ရုံးထုတ်ကြားနာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၆၀) အမှု ရုံးထုတ်ကြားနာ

ဒီဇင်ဘာ ၁၀

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးခန်းတည်ဆောက်ရန် အသုံးပြုသည့် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ခြံအမှတ် (၆၀) ကို ကာလပေါက်ဈေးထက် လျှော့ချ ငှားရမ်းသည်ဟု ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အဂတိအမှုကို ယနေ့  ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ရုံးထုတ်ကြားနာ စစ်ဆေးခဲ့သည်။

အမှုကို ကြားနာစစ်ဆေးသူသည် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်း ဖြစ်ပြီး ရာဇသတ်ကြီးမှုအမှတ် ၂၅/ ၂၀၂၁ ဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ကနဦး တရားစွဲဆို ထားသော အမှုဖြစ်သည်။

လက်ရှိတွင်မူ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးသို့ အမှုစစ်ဆေးရန် လွှဲပြောင်း ပေးထားသည်။

ယနေ့ ကြားနာစစ်ဆေးမှုတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အရာရှိ ဦးရဲထက်ကို တရားလိုဘက်မှ ရှေ့နေများက စစ်မေးခဲ့ကြပြီးနောက် စွပ်စွဲခံရသူ ရှေ့နေအဖွဲ့ကလည်း ပြန်လှန် စစ်မေးခဲ့ကြသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းတို့ကို တစ်ပေါင်းတည်း စွဲဆိုထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင်မြေကို ကာလပေါက်ဈေးထက် လျှော့ချရောင်းခဲ့သည့် အမှုအတွက်လည်း ဆက်လက် စစ်ဆေးခဲ့သည်။ 

အဆိုပါ အမှုနှစ်ခုနှင့် ပတ်သက်၍  ဆက်လက် စစ်ဆေးရန် တရားသူကြီးက ဒီဇင်ဘာလ ၁၇ ရက်သို့ ရွှေ့ဆိုင်းခဲ့ပြီး ယင်းနေ့တွင် တရားလိုပြသက်သေ နှစ်ဦးက လာရောက် စစ်ဆေးခံသွားမည် ဖြစ်သည်။ 

ယနေ့ ရုံးချိန်းသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ သုံးဦးလုံး ကျန်းမာရေးကောင်းမွန်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly