ဂွာဒါမြို့ ဆန္ဒပြပွဲအပေါ် အင်အားသုံးဖြိုခွင်းမှု မလုပ်ရန် ပါကစ္စတန်အမျိုးသားပါတီအကြီးအကဲက အစိုးရကို သတိပေး

ဂွာဒါမြို့ ဆန္ဒပြပွဲအပေါ် အင်အားသုံးဖြိုခွင်းမှု မလုပ်ရန် ပါကစ္စတန်အမျိုးသားပါတီအကြီးအကဲက အစိုးရကို သတိပေး

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဂွာဒါ ဆိပ်ကမ်းမြို့၌ ဒေသခံပြည်သူများ ၎င်းတို့၏ အခွင့်အရေးများနှင့်ပတ်သက်ပြီး တောင်းဆိုဆန္ဒပြနေမှုများကို အဆုံးသတ်စေရေးအတွက် အင်အားသုံးဖြိုခွင်းမှု မလုပ်ဆောင်ရန် ပါကစ္စတန်အမျိုးသားပါတီ (NP) ၏ ဥက္ကဋ္ဌ ဒေါက်တာ အဗ္ဗဒူလ် မာလစ်ခ် ဘာလို့ချ်က အစိုးရကို သတိပေးခဲ့သည်။

"ဂွာဒါ ပြည်သူတွေက သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေနဲ့ လိုအပ်ချက်တွေအတွက် သီတင်းပတ်သုံးပတ်ကြာ ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်၊ သူတို့ရဲ့ တောင်းဆိုချက်အားလုံးက တရားဝင်ဖြစ်ပြီး သဘာဝလည်း ကျပါတယ်၊ အုပ်ချုပ်သူတွေဘက်က ဖြည့်ဆည်း လုပ်ဆောင်ပေးနိုင်တဲ့အထဲမှာ ရှိနေပါတယ်၊ ဒါပေမယ့် "သက်ပါ မာဖီးယား" က သွတ်သွင်းထားတဲ့ ပြည်နယ်အစိုးရကတော့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေ လက်ခံဖို့ လုပ်ပိုင်ခွင့်အာဏာ ရှိမနေပါဘူး၊

ပြီးတော့ ခုချိန်မှာ သူတို့ဟာ ဒီ ဆန္ဒပြမှုကို အဆုံးသတ်စေဖို့အတွက် အင်အားသုံးဖြိုခွင်းဖို့ စီစဥ်နေပါတယ်" ဟု ဒေါက်တာ ဘာလို့ချ်က ပြောသည်။

"အကြမ်းဖက်ဖြိုခွင်းမယ့်အစား ဆွေးနွေးညှိနှိုင်းမှုကနေတဆင့် ဒီ ပြဿနာတွေကို ပြေလည်ဖို့ဖြေရှင်းနိုင်အောင် ကြိုးစားဖို့ အချိန်ရှိနေဆဲ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က ပါတီဝင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

အကယ်၍ ဆန္ဒပြသူများ ဖြိုခွင်းနှိမ်နင်းခံရပါက ဘာလိုချီစတန်၏ လမ်းတိုင်းတွင် လူထု ဆန္ဒပြပွဲများ ရှိလာလိမ့်မည်ဖြစ်ပြီး ယင်းအတွက် အုပ်ချုပ်သူများက တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း ဒေါက်တာ ဘာလို့ချ်က သတိပေးခဲ့သည်။

ဆွဲပိုက်ချ သင်္ဘောများ၏ တရားမဝင် ငါးဖမ်းမှု၊ နယ်စပ် ကုန်သွယ်မှုအပေါ် ထိန်းချုပ်ဟန့်တားမှုများနှင့် မလိုအပ်ဘဲ လုံခြုံရေးစစ်ဆေးရေးဂိတ်များ ရှိနေမှုတို့က ဘာလိုချီစတန်ပြည်သူများ၊ အထူးသဖြင့် မာကရန် ဒေသခံများ၏ ဘဝများကို မခံမရပ်နိုင်အောင် ဖြစ်စေခဲ့ပြီး ရလဒ်တစ်ခုအနေဖြင့် ပြည်သူလူထုအကြား ကြီးလေးသည့် ပူဆွေးနာကြည်းမှုနှင့် အမျက်ဒေါသထွက်မှုတို့ကို ရှိစေခဲ့သည်ဟု ၎င်းက ပြောခဲ့သည်။

အုပ်ချုပ်သူအစိုးရအာဏာပိုင်များသည် ဘာလိုချီစတန်ကို ဖျက်ဆီးထားခဲ့ပြီး အထူးသဖြင့် ပြည်နယ်၏ နယ်စပ်ဧရိယာများကို စီးပွားရေးအရနှင့် နိုင်ငံရေးအရ ဖျက်ဆီးခဲ့ကြောင်း NP အကြီးအကဲက ပြောသည်။

"ပြီးခဲ့တဲ့ ၂၀၁၈ အထွေထွေရွေးကောက်ပွဲတုန်းက "သက်ပါ မာဖီးယား" က "ကိုယ်စားလှယ်တွေ" ခေါ်လာခဲ့ပြီး အဲဒီကိုယ်စားလှယ်တွေက ကျောင်းရန်ပုံငွေတွေကနေစပြီး ပင်လယ်ရေကြောင်း ရင်းမြစ်တွေအထိ အရာအားလုံးကို လုယူချင်ကြပါတယ်၊ ရလဒ်တစ်ခုအနေနဲ့ ပါကစ္စတန်-အီရန် နယ်စပ် ကပ်လျက် ဧရိယာအားလုံးဟာ ယိုယွင်းပျက်စီးမှုအောက် ကျရောက်ခဲ့ရပါတယ်" ဟု ၎င်းက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးကို နိုင်ငံရေး ရည်ရွယ်ချက်များအတွက်နှင့် ယင်းကနေ လာဘ်ငွေ ရရှိရန်အတွက် အသုံးချရန်အလို့ငှာ နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်ရန် ဒရာမာခင်းနေခဲ့ကြောင်း ၎င်းက ပြောသည်။

ဖက်ဒရယ်အစိုးရသည် တောင်ပိုင်း ဘာလိုချီစတန်က သောင်းကျန်းမှုဖြင့် ထိခိုက်ထားခဲ့သည့် ဒေသအဖြစ် ကြေညာရင်း ယုတ္တိမရှိသည့် အသုံးအနှုန်းကို သုံးထားခဲ့သလို ယင်းအနေဖြင့် ဤဧရိယာများတွင် ရူပီး ထရီလီယံချီ တန်ဖိုးရှိ ဖွံ့ဖြိုးရေးလုပ်ငန်းကို စတင်မည်ဟု ပြောထားခဲ့သည်ဟု ဒေါက်တာ ဘာလို့ချ်က ပြောသည်။

ပြည်သူများအနေဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်များကို ၎င်းတို့၏ ကိုယ်စားလှယ်များအဖြစ် သဘောမထားခဲ့သလို ၎င်းတို့နှင့် ဆွေးနွေးပြောဆိုရန် အဆင်သင့်မရှိခဲ့ဟု NP ခေါင်းဆောင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly