ဒီဇင်ဘာ ၉
ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၁၈) မူလတန်းကျောင်းအနီး၌ ယနေ့ ဒီဇင်ဘာလ ၉ ရက် ညနေ ၅ နာရီခန့်တွင် ရဲသတင်းပေးဟု နာမည်ထွက်နေသူ ဓားခုတ်ခံရကြောင်း ဒေသခံများက ပြောသည်။
ဓားခုတ်ခံရသူ ဦးအောင်မြတ်ဆိုသူသည် စစ်အုပ်စု အာဏာ မသိမ်းခင် ကတည်းက ရဲသတင်းပေး လုပ်နေသူ ဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ၎င်းကြောင့် ဖမ်းဆီးခံရသူ အများအပြား ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ဘူတာ၊ ပန်းတင်ကုန်း ၊ ပန်းဆက်နဲ့ ရပ်ကွက် (၅) အနီးအနားမှာ သူ့ကြောင့် အဖမ်းခံထားရတဲ့ သူတွေ တော်တော်များတယ်။ သူ့အကြောင်းသူ သိလို့ထင်တယ်။ PDF တွေက ဒလန်ရှင်းတာတွေ စလုပ်ကတည်းက ပုသိမ် နယ်မြေရဲစခန်းထဲမှာပဲ နေတာများတယ်။ရဲစခန်းမှာပဲ အိပ်တယ်။ ဒီညနေတော့ ကောင်လေး တစ်ယောက်က ဓားနဲ့ ခုတ်သွားတာပါ " ဟု ဒေသခံက ပြောသည်။
ဦးအောင်မြတ်သည် လည်ပင်း၊ ဦးခေါင်း၊ လက်၊ ခြေထောက်၊ ကျောကုန်းနှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် နီးစပ်ရာ ဆေးရုံသို့ ခေါ်ဆောင်သွားကြသည်ဟု ဆိုသည်။
ဒဏ်ရာရရှိမှု နောက်ဆက်တွဲ အခြေအနေကိုမူ လက်ရှိတွင် မသိရသေးပေ။
အခင်းဖြစ်ပွား အပြီးတွင် စစ်ကောင်စီ တပ်များနှင့် ရဲများက အမှတ် (၅) ရပ်ကွက် အတွင်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။