အသံတိတ်သပိတ် ပျက်ပြားစေ ရန် စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံး ဖိအားပေးနေ

အသံတိတ်သပိတ် ပျက်ပြားစေ ရန် စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံး ဖိအားပေးနေ

ဒီဇင်ဘာ ၉

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်တွင် ပြုလုပ်မည့် အသံတိတ် သပိတ် ပျက်ပြားစေရန် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး လုပ်ဆောင်နေသည်။

စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးကြီးများနှင့် ပြင်ပဆိုင်ခန်းများကို မနက်ဖြန်တွင် မဖြစ်မနေ ဖွင့်လှစ်ရန် ဖိအားပေးခြင်း၊ ကုမ္ပဏီ လုပ်ငန်း အဖွဲ့အစည်းအချို့ကို အကြောင်းမဲ့ အစည်းအဝေးခေါ်ခြင်း၊ လူစည်ကားစေရန် စစ်ကောင်စီ လက်အောက်ခံရုံးများ ၊လုပ်ငန်းကိစ္စ အရေးများကို ဒီဇင်ဘာလ ၁၀ ရက်နေ့သို့ ပြောင်းလဲချိန်းဆိုခြင်းများ လုပ်ဆောင်နေသည်။

“မနက်က စျေးကော်မတီက ဆိုင်တွေကို လိုက်ပြီးတော့ လက်မှတ် ထိုးခိုင်းတယ်။ မနက်ဖြန်ကျ မဖြစ်မနေ ဆိုင်ထွက်ဖို့၊ မထွက်ရင် ဆိုင်သိမ်းမယ်ဆိုပြီး ပြောတယ် ” ဟု အလုံမြို့နယ် ဆင်မင်းစျေး အတွင်းရှိ စျေးသည် တစ်ဦးက ပြောသည်။

အစည်းအဝေး အကြောင်းပြကာ ပြည်သူများကို အပြင်ထွက်ရန် လုပ်ဆောင်မှုများလည်း ရှိနေသည်။

“ညက ဖုန်းဆက်တယ်။ ဖိတ်စာနဲ့တော့ မဟုတ်ဘူး။ အကြောင်းပြချက်က လူကြီးမင်းတို့ လုပ်ငန်း အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေး ကူညီဖို့ဆိုပြီး အကြောင်းပြတာ၊ ထွေအုပ်ရုံးကို လာရမယ်ပေါ့။ အပြင်ထွက်အောင် မျှားခေါ်တာပါ။ မသွားဘူး ” ဟု ကြည့်မြင်တိုင် မြို့နယ် အတွင်းရှိ ကားပစ္စည်း အရောင်းဆိုင်ရှင် တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် အငှားယာဉ် (Taxi) များနှင့် မော်တော်ယာဉ်များကိုလည်း အကြောင်းမဲ့ ဖမ်းဆီးမှုများ ရှိနေပြီး မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် သက်ဆိုင်ရာ ရုံးများသို့ လာရောက်၍ ဒဏ်ငွေ ပေးဆောင် ရမည်ဟု ဖိအားပေးနေကြောင်း အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။

“အစ်ကို့ ကားကို တားစစ်တော့ ဘာမှ အပြစ်မရှိဘူး။ အဲ့ဒါကို ဘီးခွန်တောင်းတယ်။ ချလန်ဖြတ်ပေးတယ်။ ချလန်မှာ မနက်ဖြန် လာရောက် ရွေးယူဖို့ပဲ ရေးပေးတယ်။ ခါးပတ်မပတ်လို့ ဖမ်းတာတဲ့။ ပတ်ထားတာပဲကို တမင်လုပ်တယ်။ မနက်ဖြန်တော့ သွားမရွေးတော့ဘူး။ ကားနားပြီး တနင်္လာမှ သွားတော့မယ်။ သူတို့ တမင်လုပ်တာပါ ” ဟု ၎င်းက ပြောသည်။

ရန်ကုန် မြို့နယ်အသီးသီးရှိ အဖွဲ့များ၏ လူမှုကွန်ရက် စာမျက်နှာများတွင်လည်း စစ်ကောင်စီ လက်အောက်ခံ အကောင့်များမှ တစ်ဆင့် ‘’ မနက်ဖြန် ဆိုင်မဖွင့် သူများသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထောက်ခံသူ ၊ PDF ပံ့ပိုးသူများ ဖြစ်ပြီး အဆိုပါ ဆိုင်များကို မှတ်သားထားပြီး အရေးယူမည် “ ဆိုသည့် ခြိမ်းခြောက် စာသားများ ရေးသားဖြန့်ဝေမှုများလည်း ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required