အိန္ဒိယက ကိုဗစ်-၁၉ ကာကွယ်ဆေး အားဖြည့်ဆေးနှင့် နောက်ဆက်တွဲဆေးများဆိုင်ရာ မူဝါဒကို မကြာမီ ကြေညာမည်

အိန္ဒိယက ကိုဗစ်-၁၉ ကာကွယ်ဆေး အားဖြည့်ဆေးနှင့် နောက်ဆက်တွဲဆေးများဆိုင်ရာ မူဝါဒကို မကြာမီ ကြေညာမည်

ကိုဗစ်-၁၉ မျိုးစိတ်သစ် Omicron ဖြစ်ပွားခြင်းကြောင့် အားဖြည့် ကာကွယ်ဆေးနှင့် နောက်ဆက်တွဲဆေးများဆိုင်ရာ မူဝါဒတစ်ရပ်ကို နောက်သီတင်း ၂ ပတ်အတွင်း ကြေညာသွားမည်ဟု အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဥက္ကဌဒေါက်တာ အင်န်ကေ အာရိုရာက ပြောကြားလိုက်သည်။

”ရောဂါ ကာကွယ်ရေးဆိုင်ရာ အမျိုးသား အဆင့် နည်းပညာအုပ်စု (NTAGI) က အားဖြည့် ကာကွယ်ဆေးနှင့် နောက်ဆက်တွဲဆေးများဆိုင်ရာ ပြည့်စုံကောင်းမွန်တဲ့ မူဝါဒတစ်ရပ်ကို ရေးဆွဲနေပါတယ်။ ဘယ်သူက ကာကွယ်ဆေးကို ဘယ်အချိန်မှာ ဘယ်လောက် လိုအပ်မယ်ဆိုတာကို ရှင်းလင်းဖော်ပြပေးမှာပါ။ ဒီမူဝါဒရဲ့ အကြောင်းအရာကဏ္ဍမှာ မျိုးစိတ်သစ်ကထွက်ပေါ်နေပြီး အချိန်ကြာလာသည်နှင့်အမျှ အချက်အလက်များ ပိုမိုရလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိကာကွယ်ဆေးတွေရဲ့ ကိုက်ညီမှု၊ သက်ရောက်မှုတွေကို အချိန်ကြာလာသည်နှင့်အမျှ တွေ့ရမှာပါ” ဟုလည်း ၎င်းက ပြောကြားသည်။

“အားဖြည့်ဆေးနဲ့ နောက်ဆက်တွဲဆေးတို့အကြားမှာ ခြားနားချက်တစ်ခု ရှိပါတယ်။ အားဖြည့်ဆေးကို မူလကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး ကြိုတင်သတ်မှတ်ထားတဲ့ ကာလမှာ ထိုးရတာပါ။ သို့သော် နောက်ဆက်တွဲ ဆေးဆိုသည်မှာ မူလကာကွယ်ဆေးများ ထိုးပြီးနောက် ကိုယ်ခံအားစနစ် လုပ်ဆောင်ချက် ပြဿနာရှိလာမှာသာ ထိုးရတာပါ။ တစ်စုံတစ်ဦး၏ ကိုယ်ခံအားစနစ်သည် မှန်ကန်စွာ ရှိမနေပါက နောက်ဆက်တွဲ ဆေးကိုထိုးပေးရသည်။ ဒါတွေက မတူညီတဲ့ ၂ ချက်ပါ” ဟု ပြောကြားသည်။

ကလေးများအား ကာကွယ်ဆေးထိုး အစီအစဉ်နှင့် ပတ်သက်၍ အာရိုရာက “ကလေးတွေဟာ ကျွန်တော်တို့ရဲ့ အရေးကြီးဆုံးဖြစ်တယ်ဆိုတာ မကြာခဏပြောခဲ့ပါတယ်။ အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၄ ကုဋေအတွက် ရောဂါကာကွယ်ရေးအစီအစဉ်ကိုလည်း ပြုလုပ်ထားပါတယ်။ ရောဂါအခံရှိတဲ့ ကလေးတွေကို ဦးစားပေးသွားမှာဖြစ်သလို ကျန်းမာတဲ့ ကလေးတွေကိုလည် ထိုးပေးသွားမှာပါ။ ဒီအစဉ်ကို ပြည်သူတွေအတွက် မကြာမီစတင်သွားမှာပါ။ ကလေးတွေအတွက် ZyCoV-D ၊ Covaxin၊ Corbevax နဲ့ mRNA ကာကွယ်ဆေး တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ကလေးတွေအတွက် ကာကွယ်ဆေး လုံလောက်စွာ ရရှိမယ်လို့လည်း ထပ်မံပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်မျိုးစိတ် Omicron (B.1.1.529) ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ဘော့စ်ဝါနာသမ္မတနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်က တောင်အာဖဂရိက တွင် စတင်တွေ့ရှိခဲ့သည်။ ယင်းပိုးသည် စိုးရိမ်စရာ ကောင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly