မန္တလေး သပိတ်စစ်ကြောင်းမှ လူငယ် ၃ ဦးကို စစ်ကောင်စီ ကားဖြင့်တိုက်၊ အမျိုးသမီး ၁ ဦး ဖမ်းခံရ

မန္တလေး သပိတ်စစ်ကြောင်းမှ လူငယ် ၃ ဦးကို စစ်ကောင်စီ ကားဖြင့်တိုက်၊ အမျိုးသမီး ၁ ဦး ဖမ်းခံရ
​​​​​​​ပုံစာ - စစ်ကောင်စီက ယနေ့ နံနက် ပစ်ခတ်ဖမ်းဆီးခဲ့သည် ခိုင်ဇင်ဖူး (ခေါ်) အဖူး။

ဒီဇင်ဘာ ၈

မန္တလေးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်း၌ ပြုလုပ်မည့်  သပိတ်စစ်ကြောင်းသို့ သွားရောက်ပူးပေါင်းမည့် လူငယ်သုံးဦး စုရပ်သို့အသွား လမ်းတွင်  စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ကားဖြင့် ဝင်တိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးခဲ့ခြင်းကြောင့်  လူငယ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သူထံမှ သိရသည်။

ထိုသူငယ်သုံးဦးသည် ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားတွင် စစ်ကားဖြင့် ဝင်တိုက် ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းသည်။ 

“သူတို့သုံးယောက်က ကျွန်တော်တို့စစ်ကြောင်းနဲ့ ပေါင်းဖို့လာတဲ့အချိန် ၆၃ လမ်းပေါ်မှာ စစ်ကားတစ်စီးက ဝင်တိုက်ပြီး အရပ်ဝတ်နဲ့ကောင်တွေက ဝင်ဖမ်းတယ်။ သေနတ်နဲ့လည်း ပစ်တယ်။ ကောင်မလေးတစ်ယောက်တော့ အဖမ်းခံလိုက်ရတယ်” ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်အမျိုးသမီးသည် အသက်နှစ်ဆယ်ကျော်အရွယ် မခိုင်ဇင်ဖူးဆိုသူဖြစ်ပြီး ဖမ်းဆီးစဉ် စစ်ကောင်စီ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန် ဒဏ်ရာ ရထားကြောင်းလည်း သိရသည်။

“ကောင်မလေးကို သူ့ငယ်ချင်းတွေကတော့ သူ့ကိုအဖူးလို့ခေါ်ကြတယ်။  ကောင်မလေးက ခြေထောက်မှာလည်း ကျည်ဆန်ထိထားတယ်လို့သိရတယ်။ သုံး ယောက်လာတာ နှစ်ယောက်ကတော့ လွတ်သွားပါတယ်။ အခု ကျည်ဆန်ထိထားတဲ့ ကောင်မလေးအတွက်ပဲ စိတ်ပူနေရတယ်” ဟုလည်း ၎င်းကဆိုသည်။

မန္တလေးမြို့တွင်  စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို လူငယ်များ ဦးဆောင်၍ နေ့စဉ်ချီတက်ဆန္ဒပြနေကြခြင်းဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required