တင်းနစ်ကစားသမား ဖန်းရွှေ၏အခြေအနေကို စုံစမ်းစစ်ဆေးရန် တရုတ်ကို ဥရောပသမဂ္ဂ တိုက်တွန်း

By Zee5
08 December 2021
တင်းနစ်ကစားသမား ဖန်းရွှေ၏အခြေအနေကို စုံစမ်းစစ်ဆေးရန် တရုတ်ကို ဥရောပသမဂ္ဂ တိုက်တွန်း

တရုတ်တင်းနစ်ကစားသမား ဖန်းရွှေ လူမြင်ကွင်း၌ပြန်လည်ထွက်ပေါ်လာမှုသည် စိုးရိမ်ပန်မှုလျော့စေရန် အနည်းငယ်မျှလုပ်ဆောင်ခြင်းဖြစ်သောကြောင့် သူမအမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ စုံစမ်း စစ်ဆေးမှုပြုလုပ်ရန်နှင့် ဘေးကင်းကြောင်း သက်သေအထောက်အထားများ တင်ပြရန် ဥရောပသမဂ္ဂ (EU) က တရုတ်အာဏာပိုင်များအား တိုက်တွန်းလိုက်ကြောင်း ရုရှားမီဒီယာကနိုဝင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

“ဖန်းရွှေအနေဖြင့် လွတ်လပ်ပြီး ခြိမ်းခြောက်မှုအောက်တွင် မရှိကြောင်း သေချာစေရန် အားကစား ကျွမ်းကျင်သူများနှင့် နိုင်ငံတကာတောင်းဆိုမှုများ မြင့်တက်လာချိန်တွင် အီးယူက လည်း တောင်းဆိုလိုက်သည်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုစွပ်စွဲချက်များနှင့်ပတ်သက်ပြီး တရားမျှတပြီး ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တရုတ်အာဏာပိုင်များအား အီးယူက တိုက်တွန်းပါသည်” ဟု ပြင်ပလှုပ်ရှားမှုဆိုင်ရာဌာန ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Sputnik သတင်းဌာနက ဖော်ပြသည်။

နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC)ဥက္ကဋ္ဌ သောမတ်စ်ဘာ့ခ်ျသည် တရုတ်အားကစားအရာရှိတစ်ဦးနှင့် IOC အရာရှိတစ်ဦးတို့အပါအဝင် အိုလံပစ်ချန်ပီယံ ၃ ကြိမ်ဆွတ်ခူးခဲ့သူ ဖန်းရွှေနှင့် မိနစ် ၃၀ ကြာ video call ခေါ်ဆိုမှု ပြုလုပ်ခဲ့ကြောင်း IOC မှ ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။

ဖုန်းခေါ်ဆိုမှုအတွင်း ဖန်းသည် ကျန်းမာရေးကောင်းပြီး စိတ်အေးလက်အေးရှိပုံရကြောင်းနှင့် ဖန်းရွှေက သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စကို လေးစားစေချင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖန်းနှင့် ဗီဒီယိုခေါ်ဆိုမှုအား မည်သို့စီစဉ်ကြောင်း IOC က ရှင်းပြခြင်းမရှိသော်လည်း အခြားသက်ဆိုင်ရာအဖွဲ့အစည်းများသည် သူမနှင့် ဆက်သွယ်ရန် အခက်အခဲများရှိနေသည်။

နေအိမ်၊ စားသောက်ဆိုင်တစ်ဆိုင်နှင့် ပေကျင်းရှိ လူငယ်တင်းနစ်ပွဲသို့ သွားရောက်ခဲ့သော ဖန်း၏ဓာတ်ပုံနှင့် ဗီဒီယိုများသည် အစိုးရပိုင်မီဒီယာနှင့်ဆက်စပ်နေသည့် တွစ်တာအကောင့်များတွင် နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်များတွင် ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly