မြန်မာနိုင်ငံက အမုန်းစကားများနှင့် ပတ်သက်ပြီး နစ်နာကြေး ဒေါ်လာ ၁၅၀ ဘီလီယံ ရလိုကြောင့် ဖေ့ဘုတ်ကို ရိုဟင်ဂျာများ တရားစွဲ

မြန်မာနိုင်ငံက အမုန်းစကားများနှင့် ပတ်သက်ပြီး နစ်နာကြေး ဒေါ်လာ ၁၅၀ ဘီလီယံ ရလိုကြောင့် ဖေ့ဘုတ်ကို ရိုဟင်ဂျာများ တရားစွဲ
Photo - REUTERS

ဒီဇင်ဘာ ၇

ဗြိတိန်နှင့် အမေရိကန်က ရိုဟင်ဂျာ ဒါဇင်များစွာက ၎င်းတို့ကို ဆန့်ကျင်သည့် အမုန်းစကား ပြန်နှံ့အောင် ခွင့်ပြုပေးသည်ဟု စွပ်စွဲလျက် လူမှုမီဒီယာကြီး ဖေ့ဘုတ်ကို တရားစွဲဆိုကြသည်။ 

ဖိစီးနှိပ်စက်ခံ လူနည်းစု ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများ ဖြစ်အောင် ဖေ့ဘုတ်ပလက်ဖောင်းက လမ်းဖွင့်ပေးခဲ့သည်ဟု ဆိုကာ ၎င်းတို့က နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ (ပေါင် ၁၁၃ ဘီလီယံ) ရယူလိုကြောင်း တောင်းဆိုကြသည်။ 

ဗုဒ္ဓဘာသာ လူများစု မြန်မာနိုင်ငံ၌ ၂၀၁၇ အတွင်းက စစ်တပ်၏ ဖြိုခွင်းမှုများအတွင်း ရိုဟင်ဂျာ မွတ်စလင် ၁၀၀၀၀ နီးပါး သေဆုံးသည်။ 

လက်ရှိ Meta ဟု အမည်ပြောင်းထားသော ဖေ့ဘုတ်ကုမ္ပဏီက စွပ်စွဲချက်များနှင့် ပတ်သက်ကာ ချက်ချင်း မတုံ့ပြန်ပေ။ 

ကုမ္ပဏီအနေဖြင့် ‘အမုန်းတရားနှင့် အန္တရာယ်ရှိသော သတင်းများ ဖြန့်ဝေခြင်းကို နှစ်များစွာ’ ခွင့်ပြုပေးထားသည်ဟု စွပ်စွဲခံရသည်။ 

ဗြိတိန်တွင် ရိုဟင်ဂျာ ဒုက္ခသည်အချို့ကို ကိုယ်စားပြုသော ဗြိတိသျှ ဥပဒေအကျိုးဆောင် ကုမ္ပဏီတစ်ခုက ဖေ့ဘုတ်ထံ ရေးသားသည့် စာအား ဘီဘီစီက မြင်တွေ့ခွင့် ရခဲ့သည်။ 

ဖေ့ဘုတ်၏ နည်းစနစ်များသည် ရိုဟင်ဂျာများကို အမုန်းတရား ပြောဆိုခြင်းများအား ကျယ်ပြန့်စေခြင်း၊ ကုမ္ပဏီသည် စိစစ်ဆုံးဖြတ်ခြင်းနှင့် အချက်အလက် စစ်ဆေးခြင်းများတွင် ရင်းနှီးမြုပ်နှံရန် ပျက်ကွက်ခြင်း၊ ရိုဟင်ဂျာများအပေါ် ဆူပူအကြမ်းဖက်အောင် သွေးထိုးလှုံ့ဆော်သည့် အကောင့်များ ဖျက်ပစ်ရန် ပျက်ကွက်ခြင်း၊ လူမှုကူညီပေးရေး အဖွဲ့များနှင့် မီဒီယာများက သတိပေးနေသည်ကြားမှာ သင့်တော်စွာ အချိန်မီ အရေးယူ ဆောင်ရွက်မှု မရှိခြင်းများကို အဆိုပါ စာ၌ စွပ်စွဲရေးသားထားသည်။ 

အမေရိကန်တွင် ဆန်ဖရန်စစ္စကိုရှိ ရှေ့နေများက ဖေ့ဘုတ်သည် အရှေ့တောင်အာရှ နိုင်ငံငယ်တစ်ခု၌ ဈေးကွက် ထိုးဖောက်ရန်အတွက် ရိုဟင်ဂျာများ၏ ဘဝကို ရင်းသော စိတ်ဆန္ဒရှိခဲ့သည်ဟု စွပ်စွဲကာ တရားစွဲဆိုသည်။ 

ရိုက်တာသတင်း၏ ထောက်လှမ်းစုံစမ်း ဖော်ပြခဲ့သော ဖေ့ဘုတ်ပို့စ်များကို ကိုးကားပြီး ၎င်းတို့က စွဲဆိုခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်က ပို့စ်တစ်ခုတွင် “သူတို့တွေကို ဟစ်တလာက ဂျူးတွေကို လုပ်သလိုမျိုး တိုက်ခိုက်သွားရမယ်”ဆိုကာ ရေးသားထားခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ဖေ့ဘုတ်သုံးစွဲသူပေါင်း သန်း ၂၀ ကျော်ထက်မနည်း ရှိသည်။ အများစုအတွက် ဖေ့ဘုတ်သည် သတင်းများ သိရှိစေရာ၊ မျှဝေရာအဖြစ် ပင်မဖြစ်လျက် ရှိသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly