မြန်မာနှင့် အာဖဂန်နစ္စတန် ကိုယ်စားလှယ်အား ဆိုင်းငံ့သည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အတည်ပြု

မြန်မာနှင့် အာဖဂန်နစ္စတန် ကိုယ်စားလှယ်အား ဆိုင်းငံ့သည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အတည်ပြု

ဒီဇင်ဘာ ၇

ကုလသမဂ္ဂအဖွဲ့ကြီး၌ မြန်မာနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ ကိုယ်စားပြုသူကို ဆုံးဖြတ်ပေးရမည့်အရေးအား ဆိုင်းငံ့ထားမည့် ဆုံးဖြတ်ချက်ကို တနင်္လာနေ့တွင် အထွေထွေညီလာခံက အတည်ပြုလိုက်သည်။ 

ထိုသို့ အဆိုပါ နှစ်နိုင်ငံ၏ ကိုယ်စားပြုသူကို ဆုံးဖြတ်ပေးရမည် အရေးအား ဆိုင်းငံ့ထားခြင်းကြောင့် ရှိဆဲ ကိုယ်စားပြုသံတမန်များက သက်ဆိုင်ရာ နှစ်နိုင်ငံအတွက် ဆက်လက်ကိုယ်စားပြုသွားနိုင်မည် ဖြစ်သည်။ 

အာဖဂန်နစ္စတန်နိုင်ငံမှ အုပ်ချုပ်သူ တာလီဘန်များနှင့် မြန်မာမှ စစ်တပ်အုပ်ချုပ်သူများက ယခုနှစ်အတွင်း ဖြုတ်ချခံရသည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရများက ခန့်အပ်ခဲ့သော သံတမန်များနေရာတွင် ၎င်းတို့၏ ကိုယ်စားပြုသူများကို အစားထိုးနိုင်ရေး ကြိုးစားခဲ့ကြသည်။ 

ယခု ဆုံးဖြတ်ချက်ကို အတည်ပြုရာ၌ မဲပေးခြင်းမရှိဘဲ အဖွဲ့ဝင် ၁၉၃ နိုင်ငံမှ သံတမန်ကိုယ်စားပြုသူများကို အတည်ပြုပေးရသော ကုလသမဂ္ဂ အရည်အချင်း စိစစ်မှုကော်မတီ (UN Credentials Committee) ၏ ပြီးခဲ့သည့် သီတင်းပတ်က အစည်းအဝေးအရ အတည်ပြုလာခြင်းပဲ ဖြစ်သည်။ 

ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဆွီဒင်သံအမတ်ကြီး Anna Karin Enestrom က ကော်မတီ၏ အစီရင်ခံစာကို တင်သွင်းဖတ်ကြားခဲ့သည်။ 

“မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေက ကိုယ်စားပြုသူကို စိစစ်အတည်ပြုပေးရမှာကို ရွေ့ဆိုင်းတဲ့ ဆုံးဖြတ်ချက်ကို ၇၆ ကြိမ်မြောက် အထွေထွေညီလာခံဆီ တင်သွင်းပါတယ်”ဟု ၎င်းက ပြောသည်။ 

ကုလသမဂ္ဂသည် ဩဂုတ်လအတွင်း တာလီဘန်များ အာဏာသိမ်းယူခဲ့သည့် အာဖဂန်နစ္စတန်က ပြည်သူများအား ကူညီပေးနိုင်ရေးတွင် ဆက်လက်၍ ရှေရှုထားသည်။ ယင်းနိုင်ငံ၌ လိုအပ်ချက်များသည် သိသိသာသာ မြင့်တက်လျက်ရှိပြီး ပြည်သူ ၂၃ သန်းခန့် လူသာချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေသည်။ 

ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းခံရသော မြန်မာနိုင်ငံက အကျပ်အတည်းကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရေး ကုလသမဂ္ဂက ဆက်လက်တွန်းအားပေးလျက် ရှိသည်။ 

ဖြုတ်ချခံ အရပ်ဘက် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခြင်းအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက တနင်္လာနေ့တွင် ပြစ်တင်ရှုတ်ချသည်။ 

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဆူပူအောင် သွေးထိုးလှုံ့ဆော်မှုနှင့် COVID-19 စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခြင်းများဖြင့် အကျဉ်းချပြစ်ဒဏ် ချမှတ်ခြင်း ဖြစ်သည်။ 

စီရင်ချက်သည် ‘အရေခြုံ တရားစီရင်ရေး’၏ ရလဒ်ပဲ ဖြစ်သည်ဟု လူ့အခွင့်အရေး မဟာမင်းကြီးရုံး အကြီးအကဲ Michelle Bachelet က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required