သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ချမှတ်ခဲ့သော ထောင်ဒဏ် ၄ နှစ်အနက် ၂ နှစ်ကို လွတ်ငြိမ်းခွင့် ပြုကြောင်း စစ်ကောင်စီ ကြေညာ

သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ချမှတ်ခဲ့သော ထောင်ဒဏ် ၄ နှစ်အနက် ၂ နှစ်ကို လွတ်ငြိမ်းခွင့် ပြုကြောင်း စစ်ကောင်စီ ကြေညာ
Photo-Mizzima

ဒီဇင်ဘာ ၆

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် ယနေ့ ချမှတ်ခဲ့သည့် ထောင်ဒဏ် လေးနှစ်အနက် နှစ်နှစ်ကို လွတ်ငြိမ်းခွင့်ပြုကြောင်း အာဏာသိမ်း စစ်ကောင်စီက ကြေညာသည်။

“ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားရုံးက ချမှတ်ခဲ့သည့် ထောင်ဒဏ် လေးနှစ်စီအနက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ထောင်ဒဏ် နှစ်နှစ်ကို လွတ်ငြိမ်း သက်သာခွင့်ပြုသည်” ဟု အာဏာသိမ်း စစ်ကောင်စီ ပြန်ကြားရေးဌာနက ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးက ယနေ့ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထောင်ဒဏ် လေးနှစ်စီ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရင်ဆိုင်နေရသည့် အမှုများအနက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် နှစ်နှစ်စီနှင့်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် နှစ်နှစ်စီ စုစုပေါင်း တစ်ဦးလျှင် ထောင်ဒဏ် လေးနှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထိုသို့အမိန့်ချမှတ်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဟုဆိုကာ ယနေ့ညနေပိုင်းတွင် ထောင်ဒဏ် နှစ်နှစ်ကို လျော့ပေါ့ပေးကြောင်း စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်ပြီး ကျန်ထောင်ဒဏ် နှစ်နှစ်ကိုမှု လက်ရှိ ထိန်းသိမ်းထားသည့် နေရာ၌ပင် ကျခံရမည်ဖြစ်ဟု  စစ်ကောင်စီ ပြန်ကြားရေးဌာနက ကြေညာခဲ့သည်။

ယနေ့အမိန့်ချမှတ်ရာတွင် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်တို့နှင့်အတူ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုတွဲတွင် ပါဝင်သော နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုလည်း ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်ခဲ့သည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နိုင်သည့် စုစုပေါင်း အမှု ၁၂  ခုဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required