အိန္ဒိယနိုင်ငံဖွားတစ်ဦးကို Twitter ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်

အိန္ဒိယနိုင်ငံဖွားတစ်ဦးကို Twitter ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်

အိန္ဒိယနိုင်ငံအား ကမ္ဘာပေါ်တွင် နည်းပညာကျွမ်းကျင်သူများ ထွက်ပေါ်မှုအများဆုံး နိုင်ငံအဖြစ် အသိ အမှတ်ပြုသည့်အနေဖြင့် Microsoft နှင့် Google တို့ကဲ့သို့ပင် Twitter Inc. ကလည်း အိန္ဒိယနွယ်ဖွားတစ်ဦးကို အမှုဆောင်အရာရှိချုပ်အဖြစ် နိုဝင်ဘာ ၂၇ ရက်က ခန့်အပ်လိုက်သည်။

ကုမ္ပဏီ၏ နည်းပညာအရာရှိချုပ်ဖြစ်ခဲ့သူ ပါရက်အက်ဂရာဝယ်အား Twitter က ထိပ်တန်းရာထူး ပေးအပ်လိုက်ခြင်းသည် ကမ္ဘာ့ အကြီးဆုံးနည်းပညာကုမ္ပဏီများတွင် ပြည်ပရွှေ့ပြောင်းအခြေချ နေထိုင်သူများ၏ အခန်းကဏ္ဍကို မြှင့်တင်လိုက်ခြင်းဖြစ်သည်။

အခြားအမေရိကန်ကုမ္ပဏီများကလည်း Twitter ကဲ့သို့ပင် အခြားအိန္ဒိယနွယ်ဖွားများဖြစ်သည့် ဆတ်ယာနာဒယ်လာအား Microsoft Corp. ကလည်းကောင်း၊ ရှန်တာနူးနာရာယန်းကို Adobe Inc. ကလည်းကောင်း၊ အာဗင်ခရစ်ရှနားကို International Business Machines Corp. ကလည်းကောင်း၊ ဆန်ဒါပီချေးကို Alphabet Inc. ကလည်းကောင်း အဆင့်မြင့်ရာထူးများတွင် ခန့်အပ်ခဲ့ကြသည်။

နည်းပညာကုမ္ပဏီကြီးများအပြင် PepsiCo Inc. ၏ အကြီးအကဲအဖြစ် အင်ဒရာနူရီသည် ၁၂ နှစ်ကြာ လုပ်ကို်ငခဲ့သလို အာဂျေးဘန်ဂါးသည်လည်း Mastercard Inc. ၏ အမှုဆောင်ဥက္ကဌ ဖြစ်ခဲ့သည်။

ဆီလီကွန်တောင်ကြား၏ အခြား လုပ်ဖော်ကိုင်ဖက်များနည်းတူ Twitter ၏ အမှုဆောင်အရာရှိချုပ် ဖြစ်လာသူ အက်ဂရာဝယ်သည် ကုမ္ပဏီ၏ နည်းပညာပိုင်းဆိုင်ရာကဏ္ဍတွင် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။

အသက် ၃၇ နှစ်အရွယ်တွင် Twitter ၏ အမှုဆောင်အရာရှိချုပ်ဖြစ်လာသူ အက်ဂရာဝယ်သည် အိန္ဒိယနည်းပညာ တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ ယင်းတက္ကသိုလ်သည် အိန္ဒိယ၏ အဓိကကျသော နည်းပညာကျောင်းဖြစ်ပြီး ထင်ရှားသော နိုင်ငံရေးသမားများနှင့် ကုမ္ပဏီအကြီးအကဲများ တက်ရောက်ခဲ့သည့် ကျောင်းလည်း ဖြစ်သည်။ အက်ဂရာဝယ်သည် Stanford တက္ကသိုလ်တွင် ကွန်ပြူတာသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ယူပြီးနောက် အမေရိကန်ဆီလီကွန်တောင်ကြားတွင် အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

Twitter ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိဟောင်း ဂျက်ဒေါ်ဆေးက အနားယူ၍ တာဝန်လွှဲပြောင်းသည့် မှတ်ချက်တွင် အက်ဂရာဝယ်၏ နည်းပညာဆို်ငရာ စွမ်းဆောင်ရည်ကို ထောက်ခံပေးခဲ့သည်။ သို့သော် အက်ဂရာဝယ်အနေဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ လူမျိုးရေး ဆက်ဆံမှုနှင့် အစိုးရအသီးသီးနှင့် ဆက်ဆံရေးတို့တွင် မည်မျှအထိ စွမ်းဆောင်နိုင်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

အက်ဂရာဝယ်သည် ယခုချိန်ထိ သိုသိပ်စွာနေထိုင်ပြီး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်သုတေသနပိုင်းတို့ တွင်သာ အဓိက အာရုံစိုက်ထားသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly