ကျောင်းသားသမဂ္ဂများ ပိတ်ပင်ခံထားရမှုအတွက် ပါကစ္စတန် ပက်ရှာဝါမြို့တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်

By Babushahi
06 December 2021
ကျောင်းသားသမဂ္ဂများ ပိတ်ပင်ခံထားရမှုအတွက် ပါကစ္စတန် ပက်ရှာဝါမြို့တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံ ပက်ရှာဝါမြို့မှ ကျောင်းသားများသည် နိုဝင်ဘာ ၂၆ ရက်က စုဝေးဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပြီး ကျောင်းသားသမဂ္ဂများအပေါ် ပိတ်ပင်ချက်တစ်ရပ် ထုတ်ပြန်ပြဋ္ဌာန်းမှုအတွက် ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်ဆန္ဒပြသူများသည် ကျောင်းသားများအား လိုအပ်သည့်အထောက်အပံ့များ ပံ့ပိုးပေးအပ်ရေးဆိုင်ရာ ၎င်းတို့၏ တောင်းဆိုချက်များကို ဖော်ပြထားသည့် စာတန်းများနှင့် လက်ကိုင်ပိုစတာများကို ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကျောင်းသားသမဂ္ဂများအပေါ် ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးရေး ဆန္ဒပြသူများက တောင်းဆိုခဲ့ကြပြီး ယင်းမှသာ ၎င်းတို့အနေဖြင့် ၎င်းတို့၏ အခွင့်အရေးများအတွက် လိုက်လျောညီထွေစွာဖြင့် ထုတ်ဖော်ပြောဆိုနိုင်လိမ့်မည်ဖြစ်သည်ဟု ပြောခဲ့ကြောင်း Dawn က ဖော်ပြသည်။

ကျောင်းသားသမဂ္ဂများကို မာရှယ်လောဖြင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း၊ သို့ရာတွင် အစိုးရအဆက်ဆက်သည် ယင်းပိတ်ပင်ကန့်သတ်ချက်ကို ဆက်လက်ထိန်းသိမ်းထားကြောင်း ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကာဆင်မ် ခန်းက ပြောသည်။

ကျောင်းသားသမဂ္ဂများအပေါ် ပိတ်ပင်ကန့်သတ်ခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ်ခွဲ ၁၇ ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ကာဆင်မ် ခန်းက ပြောသည်။ အဆိုပါ အပိုဒ်ခွဲ ၁၇ တွင် ပြဋ္ဌာန်းထားသည်မှာ နိုင်ငံသားတိုင်းအနေဖြင့် အသင်းအဖွဲ့များ သို့မဟုတ် သမဂ္ဂများ ဖွဲ့စည်းနိုင်ခွင့် ရှိကြောင်းနှင့် ပါကစ္စတန်၏ အချုပ်အချာအာဏာ သို့မဟုတ် တည်တံ့ခိုင်မြဲမှု၊ အများပြည်သူအမိန့်ညွှန်ကြားချက် သို့မဟုတ် အကျင့်သိက္ခာ တို့အတွက်အလို့ငှာ ဥပဒေဖြင့် ပြဋ္ဌာန်းသည့် ထိုက်သင့်သည့် ပိတ်ပင်ကန့်သတ်ချက်တိုင်းကို လိုက်နာရမည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly