ထိုင်းတွင် ပထမဆုံး အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူ တွေ့ရှိ

ထိုင်းတွင် ပထမဆုံး အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူ တွေ့ရှိ

ဒီဇင်ဘာ ၆

ထိုင်းနိုင်ငံတွင် ပထမဆုံး အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူလူနာ တွေ့ရှိခဲ့ပြီဟု သိရသည်။

စပိန်နိုင်ငံကနေ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်အမျိုးသားတစ်ဦးတွင် အဆိုပါ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အများပြည်သူကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများက ဒီဇင်ဘာ ၆ ရက်တွင် ပြောသည်။

အသက် ၃၅ နှစ်အရွယ် အဆိုပါအမျိုးသား ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ချိန် RT-PCR နည်းဖြင့် စမ်းသပ်ခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် စူပက်ကစ် စီရီလက်ခ်က ပြောသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင်သည် အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်းသည် ထိုင်းသို့ ရောက်မလာခင်က စပိန်တွင် တစ်နှစ်ကြာ နေထိုင်ခဲ့သူဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ အိုပက်စ် ကန်းကဝင်းပေါင်က ပြောသည်။

၎င်းသည် ဒူဘိုင်းကနေ သုဝဏ္ဏဘူမိလေဆိပ်သို့ Emirates လေကြောင်းလိုင်း ခရီးစဉ်အမှတ် EK372 ဖြင့် လိုက်ပါလာခဲ့ပြီး ရောဂါလက္ခဏာပြသမှု မရှိခဲ့ဟု သိရသည်။

၎င်းသည် ထိုင်းသို့ မည်သည့်ရက်က ဝင်ရောက်ခဲ့သလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ဒေါက်တာ အိုပက်စ်က ၎င်းအမျိုးသားသည် နိုဝင်ဘာ ၂၉ ရက်က ရောက်ရှိခဲ့သည်ဟု ပြောသည်။ သို့သော် ၎င်း၏ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးဌာနက တင်ပြသည့် ဇယားတစ်ခုတွင် နိုဝင်ဘာ ၃၀ ဟု ပြသထားသည်။

အဆိုပါ အမျိုးသားသည် ယူအေအီးကနေတဆင့် ထိုင်းသို့ မလာခင် နိုဝင်ဘာ ၂၈ ရက်က စပိန်တွင် RT-PCR နည်းဖြင့် စမ်းသပ်မှုခံယူထားခဲ့သည်ဟု ဒေါက်တာ အိုပက်စ်က ပြောသည်။ ထို့ပြင် ၎င်းသည် Johnson & Johnson ကာကွယ်ဆေးတစ်လုံး ထိုးနှံခံထားခဲ့ပြီး ယင်းဆေးသည် ပုံမှန်အားဖြင့် တစ်ကြိမ်သာ ထိုးနှံခံရန်လိုအပ်သည်။

၎င်းကို RT-PCR နည်းဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိသည့် အဖြေထွက်ပြီးနောက် သောကြာနေ့က ဆေးသိပ္ပံဌာနတွင် ပိုမိုအသေးစိတ်ကျသည့် စမ်းသပ်မှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ ယင်းနောက် ၎င်းသည် ဆေးရုံတစ်ခု၌ ကုသမှုခံယူနေသည်ဟု ဒေါက်တာ အိုပက်စ်က ပြောသည်။

"ကူးစက်မှုက အိုမီခရွန် မျိုးကွဲဖြစ်ဖို့က ၉၉ ဒသမ ၉၂ ရာခိုင်နှုန်း ရှိပါတယ်" ဟု ဒေါက်တာ စူပက်ကစ်က ပြောသည်။

RT-PCR နည်းဖြင့် စမ်းသပ်မှုကို rapid antigen testing နည်းဖြင့် အစားမထိုးရန် အစိုးရကို ဒေါက်တာ စူပက်ကစ်က တိုက်တွန်းခဲ့သလို နောက်ထပ်ကူးစက်မှုဖြစ်စဉ်များကို တွေ့ရှိလိမ့်မည်ဟု တွက်ဆထားခဲ့သည်။ "ကူးစက်မှုတစ်ခု ရှိရင် ဒုတိယနဲ့ တတိယ ကူးစက်မှုတွေ ရှိလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်နေပါတယ်" ဟု ၎င်းက ပြောသည်။

လူနာသည် လေဆိပ်ဝန်ထမ်းနှစ်ဦး၊ ဟိုတယ်ဝန်ထမ်း ၁၇ ဦးတို့နှင့် ထိတွေ့မှု ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly