ဗလီတစ်ခုပြင်ပတွင် ကားဖြင့်လိုက်တိုက်သူကို ပြင်သစ်စစ်သားများ ပစ်ခတ်

ဗလီတစ်ခုပြင်ပတွင် ကားဖြင့်လိုက်တိုက်သူကို ပြင်သစ်စစ်သားများ ပစ်ခတ်

ပါရီ၊ ဇန်နဝါရီ ၂ ။          ။ ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဗလီတစ်ခု၏ ပြင်ပတွင် ၎င်းတို့အား ကားဖြင့်လိုက်တိုက်သော အမျိုးသားတစ်ဦးကို စစ်သားများက ပစ်ခတ်ခဲ့သည်ဟု အရာရှိများက ပြောသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ကားဖြင့်လိုက်တိုက်မှုကြောင့် စစ်သားလေးဦးအနက် တစ်ဦးဒဏ်ရာရရှိခဲ့သည်။ စစ်သားများက ဗေလင်စေးမြို့ရှိ ဗလီကို စောင့်ကြပ်နေခဲ့ခြင့်းဖြစ်သည်။ လိုက်တိုက်သူမှာ လက်မောင်းနှင့် ခြေထောက်တွင် ပစ်ခတ်ခံရပြီး ဆေးရုံတင်လိုက်သည်။ သို့သော်လည်း ၎င်း၏ဒဏ်ရာများမှာ အသက်အန္တရာယ်စိုးရိမ်မှုမရှိဟု အစိုးရကပြောသည်။

နိုဝင်ဘာ ၁၃က ပါရီတွင် တိုက်ခိုက်မှုများဖြစ်ပွားပြီးကတည်းက ပြင်သစ်လုံခြုံရေးတပ်ဖွဲ့ဝင်များကို တပ်လှန့်ထားဆဲဖြစ်သည်။ လူများစွာ ဗလီပြင်ပတွင် ရှိနေစဉ် ဝတ်ပြုချိန်များကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွက် ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို မသိရသေးပေ။

အဆိုပါအမျိုးသားသည် စစ်သားများကို နှစ်ကြိမ်တိုက်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ပထမတစ်ကြိမ်တိုက်ပြီးနောက် ဒုတိယအကြိမ်ထပ်တိုက်ရန် ကားကို နောက်ဆုတ်စဉ် စစ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်ပီက အစီရင်ခံသည်။

ကားဖြင့်တိုက်သူမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီး လိုင်ယွန်မြို့မှ ဖြစ်သည်ဆိုသည်။ လွဲချော်လာသည့် ကျည်ဆန်တစ်ခုက ဘေးမှ သက်ကြီးရွယ်အိုတစ်ဦး၏ ခြေသလုံးကိုကို ထိမှန်ခဲ့သည်။ စစ်သားများက ကာကွယ်သည့် အနေဖြင့်သာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး ယန်းအိုက်ဗ်လေဒရီယန်နှင့် ပြည်ထဲရေးဝန်ကြီး ဘားနာ့ဒ်ကေဇင်နျူးဗ်တို့က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့ကြသည်။

ပြင်သစ်နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုဖြစ်နိုင်သည့်နေရာများကို ကာကွယ်ရန် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀,၀၀၀ခန့်ကို ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly