မြန်မာပြည် ဒီမိုကရေစီအရေး ပိုမိုထောက်ခံရန် India 4 Myanmar အဖွဲ့က လက်ကမ်း စာစောင်ဖြန့်ဝေ

By ပါခွီး
04 December 2021
မြန်မာပြည် ဒီမိုကရေစီအရေး ပိုမိုထောက်ခံရန် India 4 Myanmar အဖွဲ့က လက်ကမ်း စာစောင်ဖြန့်ဝေ

ဒီဇင်ဘာ ၄

ပါခွီး

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် India 4 Myanmar အဖွဲ့မှ မြန်မာပြည်၏ ဒီမိုကရေစီအရေး ပိုမိုထောက်ခံလာစေရန်နှင့် မြန်မာပြည်အတွင်း ဖြစ်ပျက်နေသောအခြေအနေများအား ဒေသခံပြည်သူများ သိရှိလာစေရန်ရည်ရွယ်၍ လက်ကမ်းစာစောင်များ လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

“အဓိက ရည်ရွယ်ချက်ကတော့ အိန္ဒိယအနေနဲ့ အခုချိန်အထိ စစ်ကောင်စီနဲ့ လက်တွဲ အလုပ်လုပ်နေတယ်။ နောက်ဆုံးကြားနေမယ်ဆိုရင်တောင်ရတယ်။ NUG ကို ထောက်ခံခြင်း မထောက်ခံခြင်းက သူတို့သဘောပါ။ စစ်ကောင်စီနဲ့ လက်တွဲဖြုတ်ဖို့ လုပ်ဆောင်သွားမှာပါ” ဟု India 4 Myanmar လှုပ်ရှားမှုတွင် ပါဝင်သည့် ဆလိုင်း ဒိုခါရ် Salai Dokhar ကပြောသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၉ နာရီ မိနစ် ၃၀ တွင် အိုက်ဇောမြို့လယ်ရှိ ဈေးကြီး အတွင်းတွင် စေတနာ့ဝန်ထမ်း အင်အား ၂၀ ခန့်က India 4 Myanmar လှုပ်ရှားမှုအဖြစ် စာရွက်များ လိုက်လံဝေငှကြခြင်းဖြစ်သည်။

ဒေသအသီးသီးရှိ မြန်မာပြည်သားများနှင့် အိန္ဒိယ နိုင်ငံသားများအပြင် အဖွဲ့အစည်းများကပါ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ဆလိုင်း ဒိုခါရ် Salai Dokhar က ပြောသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် အများအပြားရောက်ရှိလာခဲ့သော်လည်း တရားဝင်ဒုက္ခသည် စခန်းမရှိသည့်အတွက် အထောက်အပံ့ စီးဆင်းမှုတွင် အခက်အခဲများရှိနေပြီးဒေသခံ ပြည်သူများမှ တစ်နိုင်တပိုင်ကူညီ နေရကြောင်းလည်း ၎င်းကဆိုသည်။

India 4 Myanmar အဖွဲ့ကို CDM ဝန်ထမ်းများအပါအဝင် မြန်မာနိုင်ငံသားများနှင့် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ် ဒေသခံ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်အဖြစ် နယူးဒေလီအပါအဝင် အိန္ဒိယနိုင်ငံရှိ ပြည်နယ်ငါးခုမှ ပြည်သူများအား စည်းရုံးလှုံ့ဆော်သွားရန် ပြင်ဆင်နေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအရေးအား နိုင်ငံရေးသမားများ ၊ တက်ကြွလှုပ်ရှားသူများ သိရှိရုံဖြင့်နှင့် မလုံလောက်ဘဲ မြေပြင်ရှိ ပြည်သူများကိုယ်တိုင် အခြေအနေနှင့် အချက်အလက် အမှန်များကို သိရှိသွားစေရန် ရည်ရွယ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly