နိုဝင်ဘာလ တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၀၀ ကျော် သေဆုံးဟု KNU ထုတ်ပြန်

By မဇ္ဈိမ
03 December 2021
နိုဝင်ဘာလ တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၀၀ ကျော် သေဆုံးဟု KNU ထုတ်ပြန်

ဒီဇင်ဘာ ၃

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင် (ဖာပွန်) ဒေသ၌ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးကြောင်း KNU က ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်သည်။

တိုက်ပွဲပေါင်း ၁၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၃ ဦး သေဆုံးကာ ၈၈ ဦး ထိခိုက် ဒဏ်ရာ ရရှိသည်ဟု KNUက ဆိုထားသည်။

သေဆုံးသွားသူများတွင် စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦး ပါရှိပြီး ဒဏ်ရာ ရရှိသူတွင်လည်း တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦး ပါဝင်သည် ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ မြင်းလား ခြောက်ကောင် သေဆုံးပြီး နောက်ထပ် ခြောက်ကောင် ဒဏ်ရာရရှိခဲ့ကာ စစ်ကားခုနစ်စီးလည်း မီးလောင် ပျက်စီးခဲ့ကြောင်း KNU က ဆိုသည်။

အဆိုပါ နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုက်ပွဲများတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများ၏ လယ်ယာကိုင်းကွက် များသို့ လက်နက်များဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာများအတွင်း လက်နက်ကြီး အလုံးပေါင်း ၅၃ လုံး ပစ်ခတ် ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

KNU မူတြော်ခရိုင် ၊တပ်မဟာ (၅) နယ်မြေထဲတွင် ပြီးခဲ့သည့် အောက်တိုဘာလကလည်း ရင်ဆိုင်တိုက်ပွဲပေါင်း (၂၀၄) ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၉၃ ဦး သေဆုံးပြီး ၉၆ ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း KNU ၏ လချုပ်စာရင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly