နယ်စပ်ပြန်ဖွင့်ပြီးနောက် မြန်မာမှ တရုတ်သို့ မြေရှားသတ္တု တင်ပို့မှု ပြန်စနေ

နယ်စပ်ပြန်ဖွင့်ပြီးနောက် မြန်မာမှ တရုတ်သို့ မြေရှားသတ္တု တင်ပို့မှု ပြန်စနေ

ဒီဇင်ဘာ ၃

မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို နိုဝင်ဘာလကုန်ပိုင်းက ပြန်လည်ဖွင်လှစ်ခဲ့ပြီးနောက် မြန်မာဘက်ကနေ တရုတ်ထံသို့ မြေရှားသတ္တု (rare earths) တင်ပို့မှု ပြန်လည်စတင်နေခဲ့ပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်များက တရုတ်၏ ဂလိုဘယ်လ်တိုင်းမ် သတင်းစာကို ပြောသည်။

ယခုလို မြန်မာ-တရုတ် မြေရှားသတ္တု ကုန်သွယ်မှု ဖြစ်စမှုကြောင့် တရုတ်ဘက်တွင် မြေရှားသတ္တု ဈေးနှုန်းများ လျော့ကျဖွယ် ရှိသည်ဟု အကဲခတ်များက ပြောသည်။ သို့သော် တရုတ်အစိုးရက ကာဘွန်ထုတ်လွှတ်မှု လျှော့ချရန် အာရုံစိုက်နေမှုကြောင့် ရေရှည်တွင် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ဖွယ် ရှိသည်ဟု သိရသည်။

တရုတ်၏ ကျန်းရှီး ပြည်နယ် ဂန်ကျိုးမြို့တွင် အခြေစိုက်သည့် နိုင်ငံပိုင် မြေရှားသတ္တုကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ဦးဖြစ်သည့် ယန် ဆိုသူက ဒီဇင်ဘာ ၂ ရက်က ဂလိုဘယ်လ်တိုင်းမ်ကို ပြောကြားရာတွင် လများစွာကြာ နယ်စပ်ဂိတ်နေရာများတွင် စုပုံကြန့်ကြာနေခဲ့သည့် မြန်မာဘက်မှ မြေရှားသတ္တုများအတွက် အကောက်ခွန် ရှင်းလင်းမှုများကို နိုဝင်ဘာလကုန်ပိုင်းတွင် ပြန်လည်စတင်နေခဲ့ပြီဟု ပြောခဲ့သည်။

"နေ့စဉ်နေ့တိုင်း မြေရှားသတ္တု တင်ထားတဲ့ ထရပ်ကားတွေ ဂန်ကျိုးမြို့ထဲ ဝင်လာနေပါတယ်" ဟု ယန်က ပြောသည်။ မြေရှားသတ္တု တန်ချိန် ၃,၀၀၀ ကနေ ၄,၀၀၀ အကြားခန့်သည် နယ်စပ်ဂိတ်တွင် စုပုံနေခဲ့သည်ဟု ၎င်းက ခန့်မှန်းခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပိတ်ပင်ကန့်သတ်မှုများကြောင့် ခြောက်လကျော်ကြာ ပိတ်ထားခဲ့ပြီးနောက် မြန်မာ-တရုတ် နယ်စပ်ဂိတ်နှစ်ခုကို ကုန်သွယ်မှုအတွက် နိုဝင်ဘာလကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု thehindu.com က ဖော်ပြသည်။

နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခုသည် မြန်မာနိုင်ငံ မူဆယ်မြို့မှ ၁၁ ကီလိုမီတာခန့်အကွာရှိ ကျင်စန်းကျော့ဂိတ်ဖြစ်ပြီး နောက်တစ်ခုမှာ ချင်းရွှေဟော်ဂိတ်ဖြစ်သည်။

မြေရှားသတ္တု ကုန်သွယ်မှုကို အချိန်မီ ပြန်စတင်မှုက နှစ်နိုင်ငံရှိ သက်ဆိုင်ရာ လုပ်ငန်းများ စီးပွားရေးလုပ်ကိုင်မှု ပြန်စလိုသည့် စိတ်အားထက်သန်မှုကို ထင်ဟပ်နိုင်ပြီး တရုတ်သည် မြေရှားသတ္တု အထောက်အပံ့များအတွက် မြန်မာအပေါ် မှီခိုနေရကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဒိုင်စပရိုဆီယမ်နှင့် တာဘီယမ် ကဲ့သို့ တရုတ်၏ မြေရှားသတ္တုများအနက် ထက်ဝက်ခန့်သည် မြန်မာဘက်မှ လာခြင်းဖြစ်ကြောင်း မြေရှားသတ္တုလုပ်ငန်းဆိုင်ရာ လွတ်လပ်သော အကဲခတ်တစ်ဦးဖြစ်သည့် ဝူ ချန်ဟွေက ဒီဇင်ဘာ ၂ ရက်တွင် ဂလိုဘယ်လ်တိုင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly