၂၀၁၅ ခုနှစ်တွင် ဆီးရီးယား၌ လူ ၅၅,၀၀၀ ကျော် သတ်ဖြတ်ခံရ

၂၀၁၅ ခုနှစ်တွင် ဆီးရီးယား၌ လူ ၅၅,၀၀၀ ကျော် သတ်ဖြတ်ခံရ

တီဟီရန်၊ ဇန်နဝါရီ ၁ ။            ။ ပြည်ပ ကျောထောက်နောက်ခံ စစ်သွေးကြွများပါဝင် တိုက်ခိုက်သော ဆီးရီးယားပြည်တွင်းစစ်၏ ငါးနှစ်မြောက် ၂၀၁၅ ခုနှစ်တွင် လူပေါင်း ၅၅,၂၁၉ ဦးအထိ သတ်ဖြတ်ခံရပြီးဖြစ်ကြောင်း စောင့်ကြည့်လေ့လာသည့်အဖွဲ့တစ်ခုက ပြောသည်။

သေဆုံးသူစာရင်းကို ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီဇင်ဘာ ၃၁က အစီရင်ခံခဲ့ခြင်းဖြစ်ပြီး ယခုနှစ် အရပ်သားသေဆုံးမှုမှာ ၁၃,၂၄၉မှုရှိသည်ဆိုသည်။ သေဆုံးမှုစာရင်းတွင် ကလေး ၂,၅၀၀ကျော်၊ ဆီးရီးယားတပ်ဖွဲ့ဝင် ၁၇,၆၈၆၊ အစိုးရဘက်မှ တိုက်ခိုက်သူ ၇,၀၀၀နှင့် အကြမ်းဖက်ဝါဒီတို့ကို တိုက်ခိုက်ရာတွင် ဒမတ်စကပ်ကို ကူညီနေသည့် ဟစ်ဇ်ဘိုလာ ၃၇၈ ဦးတို့ပါဝင်သည်။

ယင်းသေဆုံးမှုစာရင်းတွင် အိုင်အက်စ်အုပ်စု၊ အယ်လ်ခိုင်ဒါဆက်နွယ် အယ်လ်နျူဆရာနှင့် အခြားဆက်စပ် စစ်သွေးကြွအုပ်စုများမှ စစ်သွေးကြွ ၁၆,၀၀၀အပါအဝင် အကြမ်းဖက်သမား ၂၄,၀၀၀နီးပါး လည်း သေဆုံးခဲ့သည်။ ၂၀၁၁က စခဲ့သော ပဋိပက္ခကြောင့် ယခုအချိန်အထိ သေဆုံးသူမှာ အရပ်သား ၇၆,၀၀၀အပါအဝင် ၂၆၀,၀၀၀ကျော်ရှိသည်ဟု ဗြိတိန်အခြေစိုက် အဆိုပါစောင့်ကြည့် အဖွဲ့က ပြော သည်။

စစ်ပွဲကြောင့် လူတစ်သန်းကျော်မှာ ဒဏ်ရာများရရှိခဲ့ပြီး နိုင်ငံ့လူဦးရေ၏ ထက်ဝက်နီးပါးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ၂၀၁၄တွင် အမေရိကန်နှင့် မဟာမိတ်များသည် ဆီးရီးယား၏ သဘောတူညီချက်၊ ကုလ၏ခွင့်ပြုချက်မရဘဲ အိုင်အက်စ်တို့၏ စခန်းများကို ဗုံးကြဲတိုက်ခိုက်မှု စတင်ခဲ့သည်။

ယခုနှစ် စက်တင်ဘာနောက်ပိုင်းတွင် ဆီးရီးယားအစိုးရ၏ မေတ္တာရပ်ခံချက်အရ ရုရှားသည် နိုင်ငံရှိ အကြမ်းဖက်စခန်းများကို စတင်ဗုံးကြဲတိုက်ခိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly