ဒီဇင်ဘာ ၂
အာဖရိကရဲ့ လူဦးရေ အများဆုံး နိုင်ဂျီးရီးယားနိုင်ငံက တောင်အာဖရိကဆီ သွားလာခဲ့သူ ခရီးသွားသုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတာကို တွေ့ရှိပြီး ပထမဆုံး ကူးစက်မှုဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောပါတယ်။
အနောက်အာဖရိက အိမ်နီးချင်း ဂါနာကလည်း အိုမီခရွန် ကူးစက်မှု တွေ့ရှိကြောင်းဆိုပြီး နိုင်ဂျီးရီးယားနဲ့ တောင်အာဖရိကတို့ကနေ ကူးစက်တာ ဖြစ်ပါတယ်။
အိုမီခရွန် မျိုးကွဲကို တောင်အာဖရိကနိုင်ငံမှာ တွေ့ရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပြီးနောက်ပိုင်း နိုင်ငံတော်တော်များများမှာ ကူးစက်ပြန့်နှံ့လျက် ရှိနေပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ တွေ့ရှိကြောင်း ကြေညာချိန်ဟာ တောင်အာဖရိက သမ္မတ ရာမာဖိုဆာက အနောက်အာဖရိက ခရီးစဉ်အဖြစ် အဘူဂျာမြို့တော်ကို ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ်။
“မျိုးဗီဇ ထောက်လှမ်းမှုအရ နိုင်ဂျီးရီးယားမှာ အိုမီခရွန်မျိုးကွဲ ကူးစက်မှုကို အတည်ပြုနိုင်ပါတယ်”လို့ နိုင်ဂျီးရီးယား ရောဂါထိန်းချုပ်ရေးစင်တာ အကြီးအကဲ အီဖီဒါယို အက်ဒီတီဖာက ပြောပါတယ်။
ထိတွေ့သူတွေကို ခြေရာခံနေပြီး သီးခြားခွဲနေစေတာတွေ လုပ်ဆောင်နေပါတယ်လို့ သူက ဆိုပါတယ်။
“အိုမီခရွန်က ကမ္ဘာတစ်ဝန်းမှာ ပြန့်နှံ့နေတာပါ။ ကျွန်တော်တို့အနေနဲ့ ကူးစက်မှုတွေကို သုတေသန စိစစ်သွားရမှာ ဖြစ်တယ်”ဆိုပြီး သူက ပြောပါတယ်။
ဂါနာ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် ပက်ထရစ် ကူမာက နိုင်ငံအတွင်း အက်ကာ နိုင်ငံတကာလေဆိပ်မှာ ကူးစက်ပြန့်နှံ့မှုတွေ တွေ့ရှိပြီး အများစုက တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယားက လာရောက်သူတွေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ ခုထိ လူအများစုကို စစ်ဆေးစမ်းသပ်တာတွေ လုပ်နိုင်ထားပါတယ်၊ ပြည်တွင်းနေသူတွေထဲမှာတော့ ကူးစက်တာမျိုး မတွေ့ရသေးပါဘူး”လို့ သူက ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်ဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။