ကုလတွင် မြန်မာနိုင်ငံကိုယ်စားပြုနေရာအတွက် ဆုံးဖြတ်မည့်အစီအစဉ် ဆိုင်းငံ့၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိမည်

ကုလတွင် မြန်မာနိုင်ငံကိုယ်စားပြုနေရာအတွက် ဆုံးဖြတ်မည့်အစီအစဉ် ဆိုင်းငံ့၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိမည်

ဒီဇင်ဘာ ၂

ကုလသမဂ္ဂ၌ မြန်မာနိုင်ငံကို ကိုယ်စားပြုမည့်သူ နေရာအတွက် ရွေးချယ်ဆုံးဖြတ်မည့် အစီအစဉ်ကို ကုလ အရည်အချင်းစစ်ကော်မတီ (Credentials Committee) က အဆုံးအဖြတ်မပေးသေးဘဲ ဆိုင်းငံ့ထားလိုက်သည်။

ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချမည့် အစီအစဉ် ရွှေ့ဆိုင်းလိုက်မှုကြောင့် မြန်မာအာဏာသိမ်းစစ်အုပ်စု ခန့်အပ်လိုသည့် ကိုယ်စားလှယ် ကုလ၌ ကိုယ်စားပြုခွင့် ရမည်မဟုတ်ဘဲ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ယူခွင့် ရရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမည့် ကိုယ်စားလှယ်နေရာနှင့် တာလီဘန် ဦးဆောင်သည့် အာဖဂန်နစ္စတန်အတွက် ကိုယ်စားလှယ်နေရာတို့အတွက် အပြိုင်လျှောက်ထားကြိုးပမ်းမှုများ ရှိနေစဉ် ယင်းနိုင်ငံများအတွက် ကိုယ်စားပြုခွင့်ရှိသူများကို ရွေးချယ်မည့် ကိစ္စကို ကုလကော်မတီက ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။

"ဒီ နှစ်နိုင်ငံရဲ့ ကုလဆိုင်ရာ ကိုယ်စားလှယ်နေရာတွေအတွက် ကိုယ်စားပြုခွင့်ရှိမယ့်သူတွေကို ရွေးချယ်ဆုံးဖြတ်မယ့် အစီအစဥ်ကို ရွှေ့ဆိုင်းထားဖို့ ကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်" ဟု အရည်အချင်းစစ်ကော်မတီ ဥက္ကဋ္ဌ ကုလဆိုင်ရာ ဆွီဒင်သံအမတ်ကြီး အန်နာ ကာရင် အီနက်ထရွန်က ဒီဇင်ဘာ ၁ ရက်တွင် သတင်းထောက်များကို ပြောသည်။ "ကော်မတီရဲ့ အစီရင်ခံစာကို အထွေထွေညီလာခံမှာ စဉ်းစားသုံးသပ်ဖို့အတွက် ထုတ်ပြန်ပြီးတာနဲ့ အများကို ထုတ်ပြန်မှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းမှုကို အခိုင်အမာ ဆန့်ကျင်ပြောဆိုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်မှ ဖြစ်သည့် လက်ရှိ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်နေရာတွင် ဆက်ရှိနေစေရေး ကြိုးပမ်းနေသလို ဖေဖေါ်ဝါရီလ အာဏာသိမ်းခဲ့သည့် မြန်မာစစ်အုပ်စုကလည်း ဦးကျော်မိုးထွန်းနေရာတွင် ၎င်းတို့၏ ကိုယ်စားလှယ်ဖြင့် အစားထိုးခန့်အပ်နိုင်ရန် အပြိုင်လျှောက်ထားတင်ပြထားသည်။

အလားတူ ယခု ကော်မတီ၏ ဆုံးဖြတ်ချက်ချမှု ဆိုင်းငံ့မှုကြောင့် သမ္မတ အာရှ်ရက်ဖ် ဂါနီ၏ ဖြုတ်ချခံအာဖဂန်အစိုးရကို ကိုယ်စားပြုသည့် ဂူလမ် အစ်ဆက်ဇိုင်က နယူးယော့ခ်တွင် အာဖဂန်နစ္စတန်၏ သံအမတ်အဖြစ် ဆက်လက်ထမ်းဆောင်နိုင်မည် ဖြစ်သည်။ တာလီဘန်တို့ အဆိုပြုသည့် ဆူဟေးလ် ရှာဟင်းမ်ကမူ အဆိုပါ ကုလကိုယ်စားလှယ်နေရာအတွက် အကန့်အသတ်မရှိ စောင့်ဆိုင်းသွားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly