ကိုဗစ်ကာကွယ်ဆေးထိုးရန် တွန့်ဆုတ်နေခြင်းသည် ရောဂါကို ကျော်လွှားရာတွင် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်နေ

ကိုဗစ်ကာကွယ်ဆေးထိုးရန် တွန့်ဆုတ်နေခြင်းသည် ရောဂါကို ကျော်လွှားရာတွင် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်နေ

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် တွန့်ဆုတ်နေကြခြင်းသည် အဆိုပါ ရောဂါကို ကျော်လွှားရာတွင် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေကြောင်း Serum Institute of India (SII) ၏ အမှုဆောင်အရာရှိချုပ် အန်ဒါပွန်နာဝေါ်လာက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

အရွယ်ရောက်သူများအနေဖြင့် ကာကွယ်ဆေးကို ဖြစ်နိုင်သမျှ အစောဆုံး ထိုးကြရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။

“နိုင်ငံအတွက် လုံလုံလောက်လောက်ရရှိဖို့ ကာကွယ်ဆေးထုတ်လုပ်တဲ့ လုပ်ငန်းတွေက အင်တိုက်အားတိုက် ကြိုးပမ်းနေကြပါတယ်။ အခုဆိုရင် ပြည်နယ်အသီးသီးမှာ ကာကွယ်ဆေး သန်း ၂၀၀ ကျော် ထိုးပြီးပါပြီ။ ဆေးထိုးဖို့ တုန့်ဆိုင်းနေတာက ဒီကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ ကြီးမားတဲ့ ပြဿနာ ဖြစ်နေပါတယ်” ဟု လည်း ၎င်းက ပြောကြားသည်။

ကမ္ဘာပေါ်တွင် ကာကွယ်ဆေး အများဆုံး ထုတ်လုပ်သည့် SII သည် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်းပေါင်း ရာနှင့်ချီ၍ ထုတ်လုပ်ထားပြီးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပံ့ပိုးထားသည့် COVAX အစီအစဉ်အတွက် အိန္ဒိယအစိုးရ၏ စီစဉ်မှုဖြင့် ကာကွယ်ဆေးများကို ပေးပို့ထားသည်။

အရွယ်ရောက်ပြီးသူအားလုံး ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံနိုင်စေရန် SII သည် အစီအစဉ်တစ်ရပ်ကို မကြာသေးမီက စတင်ခဲ့သည်။

ပထမအကြိမ် ကာကွယ်ဆေးအား နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းထက်မနည်းကို ထိုးပေရန် ရည်မှန်းထားပြီး အားလုံးက ကာကွယ်ဆေး ၂ ကြိမ်စလုံးထိုးရန် အရေးကြီးကြောင်း အိန္ဒိယအစိုးရ ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးဌာန၏ အတွင်းရေးမှူး ဒေါက်တာ မန်နိုဟာအာနန်နီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly