ဂျပန်နှင့်ဗီယက်နမ်ကတောင်တရုတ်ပင်လယ်အရေးကို အလေးအနက် စိုးရိမ်နေ

ဂျပန်နှင့်ဗီယက်နမ်ကတောင်တရုတ်ပင်လယ်အရေးကို အလေးအနက် စိုးရိမ်နေ

တောင်တရုတ်ပင်လယ် အခြေအနေနှင့် လက်ရှိအနေအထားကို ပြောင်းလဲရန် ရည်ရွယ်သော တစ်ဖက်သတ်လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး အလေးအနက် စိုးရိမ်ကြောင်း ဂျပန်နှင့်ဗီယက်နမ်ခေါင်းဆောင်များက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သလို ဒေသတွင်း တင်းမာမှုများ တိုးမြင့်လာချိန်တွင် လွတ်လပ်ပွင့်လင်းသော ပင်လယ်လမ်းကြောင်းများ တည်တံ့စေရေး အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီခဲ့သည်။

ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်းသည် အောက်တိုဘာလတွင် တာဝန်စတင်ထမ်းဆောင်သည့် ဂျပန် ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါနှင့် တွေ့ဆုံဆွေးနွေးရန်ဂျပန်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် ပြည်ပ ခေါင်းဆောင်ဖြစ်သည်။

ဗီယက်နမ်သည် အငြင်းပွားဒေသအတွင်း တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုမှုကိုဆန့်ကျင်ရန် ရည်ရွယ်သည့် မျှော်မှန်းချက်ဖြစ်သော ‘လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ’ ဖြစ်ရေး သော့ချက်ကို ဆုပ်ကိုင်ထားသော အရေးကြီးသောမိတ်ဖက်နိုင်ငံဖြစ်သည်ဟု ကီရှီဒါက ချင်းနှင့် အဖွင့်အမှာစကားပြောကြားရာတွင် ပြောဆိုခဲ့သော်လည်း တရုတ်နိုင်ငံကိုမူ အမည်တပ်မပြောခဲ့ပေ။

ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဘေးကင်းရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နှင့် တောင်တရုတ် ပင်လယ်ပြင်အထက် လေကြောင်းပျံသန်းမှုများ တည်တံ့ခိုင်မြဲရေး အရေးကြီးမှုနှင့် နိုင်ငံတကာ ဥပဒေနှင့်အညီ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးတို့ကို ထပ်မံအတည်ပြုခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်ထိန်းချုပ်ထားသောကျွန်းစုအများစုကို ပိုင်ဆိုင်သည်ဟု ပြောဆိုထားသော တရုတ်က ၎င်း၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ကာကွယ်ပိုင်ခွင့်ရှိသည်ဟု ဆိုသည်။

တရုတ်သင်္ဘောများသည် အရှေ့တရုတ်ပင်လယ် ကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက်ကို မကြာခဏ ချိုးဖောက်လေ့ရှိပြီး တစ်ခါတရံ ငါးဖမ်းလှေများကိုလည်း ခြိမ်းခြောက်လေ့ရှိကြောင်း ဂျပန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကင်းလှည့်ရေယာဉ်များ တည်ဆောက်ရေးဆိုင်ရာအကူအညီ အရှိန်မြှင့်ခြင်းဖြင့် ဗီယက်နမ်၏ ရေကြောင်းဥပဒေ အကျိုးသက်ရောက်မှုစွမ်းရည်များ အားကောင်းလာစေရန်လည်း ဂျပန်နိုင်ငံက ပံ့ပိုးကူညီမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly