နိုင်ငံတဝန်း COVID-19 ဆေးရုံ၊ ဆေးကုသမှုစင်တာ ဒါဇင်နှင့်ချီ ပိတ်သိမ်းမှုအပေါ် အာဖဂန်ပြည်သူများ စိတ်ပူပန်နေ

နိုင်ငံတဝန်း COVID-19 ဆေးရုံ၊ ဆေးကုသမှုစင်တာ ဒါဇင်နှင့်ချီ ပိတ်သိမ်းမှုအပေါ် အာဖဂန်ပြည်သူများ စိတ်ပူပန်နေ

အာဖဂန်နစ္စတန်နိုင်ငံတဝန်း COVID-19 လူနာများကို ကုသပေး‌နေသည့် ဆေးရုံများနှင့် ဆေးကုသမှုစင်တာ ၃၄ ခုအထိ ပိတ်သိမ်းသွားမှုနှင့်ပတ်သက်ပြီး ပြည်သူများအကြား အထူး စိုးရိမ်ပူပန်နေကြလျက် ရှိပြီး ယင်းနိုင်ငံ၏ ကျန်းမာရေးကဏ္ဍကို ထောက်ပံ့ကူညီကြရန် အခြားနိုင်ငံများကို ပန်ကြားတောင်းဆိုထားကြောင်း သိရသည်။

"ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ပျက်မှုတွေ အတော်များများ ဖြစ်နေကြတယ်၊ ဆေးကုသမှုစင်တာတွေ အားလုံး ပိတ်သွားရင် ဘယ်လိုလုပ်ကြရမလဲ ဆိုတာကို သူတို့ စိုးရိမ်နေကြတယ်" ဟု လူနာတစ်ဦး၏ ဆွေမျိုးတစ်ဦး၏ ပြောကြားချက်ကို TOLO news က ကိုးကားဖော်ပြသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် နိုင်ငံတကာအကူအညီများ ဖြတ်တောက်ခံရပြီးနောက် COVID-19 လူနာများကို ကုသပေး‌နေသည့် ဆေးကုသမှု စင်တာများနှင့် ဆေးရုံ ၃၄ ခုအထိ ပိတ်သွားခဲ့ကြောင်း ကျန်းမာရေးအရာရှိများက ပြောသည်။

အာဖဂန်နစ္စတန်၏ ကျန်းမာရေးကဏ္ဍကို ၂၀၂၄ ခုနှစ်အထိ ကူညီထောက်ပံ့ပေးမည်ဟု ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂတို့က ကတိပြုထားသော်လည်း နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပြီးနောက် နိုင်ငံသို့ နိုင်ငံတကာ အကူအညီများ စီးဝင်မှုက ရပ်ဆိုင်းသွားခဲ့သည်ဟု ကျန်းမာရေးဝန်ဆောင်မှုများ စီမံထောက်ပံ့မှုဆိုင်ရာ ဒုဝန်ကြီး အဗ္ဗဒူလ် ဘာရီ အိုမာက ပြောကြောင်း TOLO news က ဖော်ပြသည်။

"ကမ္ဘာ့ဘဏ်နဲ့ ဥရောပသမဂ္ဂတို့က ကတိကဝတ်တွေ ပေးထားပါတယ်၊ ခုတော့ သူတို့ရဲ့ ကတိတွေကို ချိုးဖျက်ထားခဲ့ကြပါတယ်၊ ကမ္ဘာ့ဘဏ်ဆိုရင် ၂၀၂၄ အထိ အာဖဂန်နစ္စတန်မှာ ကိုရိုနာဗိုင်းရပ်စ် ပရောဂျက်ကို ငွေကြေးထောက်ပံ့ပေးမယ်လို့ ကတိပြုထားခဲ့တယ်၊ ဒါပေမယ့် ခုတော့ သူတို့ အကူအညီတွေ ဖြတ်တောက်ထားပါတယ်" ဟု အဗ္ဗဒူလ် ဘာရီ အိုမာက ပြောခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်ကလည်း အာဖဂန်-ဂျပန် ဆေးရုံမှ တာဝန်ရှိသူများနှင့် အမှုထမ်းများက သီတင်းပတ်အတွင်း ၎င်းတို့ မရရှိသေးသည့် ငါးလစာ လစာငွေများ မရရှိပါက ၎င်းတို့ စင်တာကို ပိတ်တော့မည်ဖြစ်ကြောင်း ကြေညာထားခဲ့သည်ဟု TOLO news က ဖော်ပြသည်။

အာဖဂန်-ဂျပန် ဆေးရုံမှ တာဝန်ရှိသူများနှင့် ဆေးဘက်ဆိုင်ရာ အမှုထမ်းများက နိုဝင်ဘာ ၁၆ ရက်တွင် ဆန္ဒပြသပိတ်မှောက်မှုကို စတင်ခဲ့ပြီး ဆေးရုံတွင် ဆေးဝါးများနှင့် ဆေးဘက်ပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ပြောခဲ့သည်။

"ခုချိန်မှာ ကျွန်တော်တို့ဆီမှာ COVID-19 လူနာတွေကို ကုသပေးဖို့အတွက် ကောင်းမွန်တဲ့ ဆေးဝါးတွေ မရှိတော့ပါဘူး" ဟု အာဖဂန်-ဂျပန် ဆေးရုံမှ ဆေးဝါးကျွမ်းကျင်သူတစ်ဦးက ပြောခဲ့သည်ဟု အာဖဂန်ရုပ်သံက ဖော်ပြသည်။

"ပြည်နယ်တွေက လူနာတွေဟာ သူတို့ ပြည်နယ်တွေမှာ ရှိတဲ့ စင်တာတွေဆီ သွားခဲ့ကြပါတယ်၊ ဒါပေမယ့် ခုချိန်မှာ တကယ်တမ်းက သူတို့ အာဖဂန်-ဂျပန် ဆေးရုံကို လာကြပါတယ်၊ ကျွန်တော်တို့ဆီမှာကလည်း ကုသစောင့်ရှောက်မှုတွေ လုပ်နိုင်စွမ်း လုံလုံလောက်လောက် ရှိမနေပါဘူး" ဟု အာဖဂန်-ဂျပန် ဆေးရုံ၏ အကြီးအကဲ ဇယ်လ်မိုင် ရိုင်ရှ်တင်က ပြောခဲ့သည်။

အာဖဂန်နစ္စတန်၏ ကျန်းမာရေးစနစ်သည် ပြိုလဲလုနီးဆဲဆဲ ဖြစ်နေပြီး COVID-19 ကူးစက်မှုကလည်း အေးမြသည့် ရာသီဥတုတွင် ပျံ့နှံ့ကူးစက်လိမ့်မည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာလက သတိပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly