ရေငုပ်သင်္ဘော သဘောတူညီချက်ရရှိထားသည့် သြစတြေးလျက ဓားကိုင်ခြိမ်းခြောက်သူနှင့် တူနေကြောင်း တရုတ်သံတမန်က ခိုင်းနှိုင်းပြောကြား

ရေငုပ်သင်္ဘော သဘောတူညီချက်ရရှိထားသည့် သြစတြေးလျက ဓားကိုင်ခြိမ်းခြောက်သူနှင့် တူနေကြောင်း တရုတ်သံတမန်က ခိုင်းနှိုင်းပြောကြား

သြစတြေးလျသည် အမေရိကန်နှင့်ဗြိတိန်နည်းပညာဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၈ စီးထက်မနည်းကို တည်ဆောက်ရန် အစီအစဉ်ကြောင့် ငြိမ်းချမ်းရေးကို အကာအကွယ်ပေးမည့်အစား ဓားကိုင်ခြိမ်းခြောက်သူဖြစ်လာကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန်က The Guardian သို့ ပြောကြားခဲ့သည်။

ဩစတေးလျသည် စက်တင်ဘာလတွင် ပြင်သစ်ကို ဒေါသထွက်စေသည့် လုပ်ရပ်တစ်ခုအဖြစ် ပြင်သစ်နှင့် ရေငုပ်သင်္ဘော သဘောတူညီချက်ကို ဖျက်သိမ်းကာ ၃ နိုင်ငံလုံခြုံရေးမိတ်ဖက်အဖွဲ့သို့ ဝင်ရောက်လိုက်ခြင်းသည် အင်ဒို-ပစိဖိတ်ဒေသတွင်း အင်အားကြီးထွားလာနေသည့် တရုတ်နိုင်ငံကိုလည်း ကသိကအောက်ဖြစ်စေခဲ့သည်။

နျူကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်သည် ငြိမ်းချမ်းရေးကို မြတ်နိုးကြောင်း ဂုဏ်သတင်းရှိသည့် သြစတြေးလျကို ထိခိုက်စေကြောင်း နိုဝင်ဘာ ၁၉ ရက်က ထုတ်ဝေသည့် The Guardian သတင်းစာ၏ တွေ့ဆုံမေးမြန်းခန်းတွင် ဩစတြေးလျဆိုင်ရာ တရုတ်ယာယီသံအမတ် ဝမ်ရှီနင်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက ကျွန်တော့်အသက်အရွယ် လူတွေဟာ ဩစတေးလျကို ငြိမ်းချမ်းရေးမြတ်နိုးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်ကြပါတယ်။ ဒါ‌ပေမယ့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောက အဝေးကပစ်မှတ်အတွက် တာဝေးပစ်လွှတ်ဖို့ ဒီဇိုင်းထုတ်ထားတယ်ဆိုတာကို ဒီနေ့ခေတ်လူတွေက သိလာကြပါပြီ” ဟု ဝမ်က ဆိုသည်။

“ဒါဆိုရင် ဩစတြေးလျက ဘယ်သူ့ကို တိုက်ခိုက်မှာလဲ။ ဩစတြေးလျဟာ ငြိမ်းချမ်းရေးကို မြတ်နိုးသူ ငြိမ်းချမ်းရေးကို ကာကွယ်သူ မဟုတ်တော့ဘဲ ပုံစံတစ်မျိုးနဲ့ ဓားကိုင် ခြိမ်းခြောက်သူ ဖြစ်လာပါပြီ” ဟု ဝမ်က ပြောသည်။

ဩစတြေးလျအစိုးရက ၃ နိုင်ငံသဘောတူညီချက်ကို ကာကွယ်ပြောဆိုခဲ့ပြီး ဩစတြေးလျနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းထားရန် ဆုံးဖြတ်ချက်ကို နောင်တမရကြောင်း ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောဆိုခဲ့သည်။

The Guardian နှင့် အင်တာဗျူးတွင် ဝမ်က နှစ်နိုင်ငံကြားဆက်ဆံရေးကို ပျက်စီးစေသော အရာကို မလုပ်ရန်လည်း ဩစတြေးလျနိုင်ငံရေးသမားများအား တိုက်တွန်းခဲ့သည်။

ဩစတြေးလျသည် ၂၀၁၈ ခုနှစ်က Huawei Technologies Co Ltd ကို ၎င်း၏ 5G ကွန်ရက်မှ ပိတ်ပင်ခဲ့ပြီး ကိုဗစ်-၁၉ ၏ ဇာစ်မြစ်ကို သီးခြားစုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီးနောက် ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော တရုတ်နှင့်ဆက်ဆံရေးသည် ယိုယွင်းလာခဲ့သည်။ တရုတ်သည် သြစတြေးလျ ကုန်စည်အများအပြားအပေါ် အခွန်စည်းကြပ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly